မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို လွှမ်းမိုးသွားစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသတင်းကို လုပ်ကြံထုတ်လွှင့်ဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်သည်ဆိုသော မည်သည့်သက်သေမှ မပြသနိုင်

မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို လွှမ်းမိုးသွားစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသတင်းကို လုပ်ကြံထုတ်လွှင့်ဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်သည်ဆိုသော မည်သည့်သက်သေမှ မပြသနိုင်
ရန်ကုန်၊ စက်တင်ဘာ ၇
မြန်မာနိုင်ငံတိုးတက်မည်ကို မလိုလားသူများက မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို လွှမ်းမိုးသွားစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသတင်းကို လုပ်ကြံထုတ်လွှင့်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အကြမ်းဖက် ဇော်မင်းထွန်းက နေပြည်တော်လေဆိပ်တွင် စစ်တပ်လက်အောက်ခံ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါအထူးကုဆရာဝန်နှင့် ပြသခွင့်ရရှိရန် တောင်းဆိုထားသော်လည်း စစ်တပ်က ငြင်းဆန်လျက်ရှိကြောင်း သားဖြစ်သူ ကိုထိန်လင်းက နိုင်ငံတကာမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။
အကြမ်းဖက် ဇော်မင်းထွန်းကမူ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ပြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို လွှမ်းမိုးစေရန် လုပ်ကြံထားသည့်သတင်းဖြစ်ကြောင်း၊ အချိန်မီ ဖြေရှင်းခဲ့ကြောင်း ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းပါတယ်။ (မင်းအောင်လှိုင် တရုတ်ခရီးစဉ်) သတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့သတင်းတစ်ခုကို ထုတ်လိုက်တာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မှေးမှိန်လိုတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံကို မလိုလားတဲ့ ကျနော်တို့ တိုးတက်မှာကို မလိုလားတဲ့လူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
သို့ရာတွင် အကြမ်းဖက်​ ဇော်မင်းထွန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း သက် သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်ဘဲ ဒေါ်အောင်ဆန်းစုကြည် မည်သို့မည်ပုံ ထိန်းသိမ်းထား သည်ကိုပင် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပေ။
AA အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စိုးရိမ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဟု ထုတ်ဖော်ပြောဆိုထားသည်။