
KNU၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ဘုတ်ပြင်း စကခ ၁၃ မှ ဒုစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်ကို သဂြိုလ်ချိန် ဗိုလ်မှူးချုပ်ရာထူးတိုးပေးလိုက်ပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ပေးအပ်မည်
ရန်ကုန်၊ စက်တင်ဘာ ၆
တနင်္သာရီတိုင်းတွင် နယ်မြေကွင်းဆင်းစဉ် KNU၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ဘုတ်ပြင်း စကခ ၁၃ မှ ဒုစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်ကို နာရေးသဂြိုလ်ချိန်တွင် ဗိုလ်မှူးချုပ်သို့ စစ်တပ်က ရာထူးတိုးပေးလိုက်ပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးအပ်မည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ် ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ KNLA တပ်များက စစ်ကား ၃ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့် အပါအဝင် စစ်သား ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဗိုလ်မှူးကြီး မျိုးသန့်၏ အလောင်းအပါအဝင် စစ်သားအလောင်းများကို ရသမျှ ကောက်ယူကာ ဘုတ်ပြင်းမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ဗိုလ်မှူးကြီး မျိုးသန့်ကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
“သေဆုံးချိန်မှာ တစ်ဆင့်မြင့်ရာထူးတိုးပေးလိုက်တယ်။ ပြောရမယ်ဆိုရင် မြိတ်ကျွန်းစုဘက်မှာ သူတာဝန်ယူထားရတဲ့တပ်နယ်မြေဧရိယာထဲမှာ သူ့အနေနဲ့ ဒုတပ်မမှူးတစ်ယောက်အနေနဲ့ Area Commander ပဲ။ သူ့အနေနဲ့ ယာဉ်တန်း သုံးစီးလောက်နဲ့ဆိုတာ လုံးဝ မဖြစ်သင့်တဲ့ အနေအထားမျိုးပေါ့။ အဲဒီတော့ သူတို့မှာ နောက်ချန်အင်အား အတော်နည်းပါးနေတယ်ဆိုတာသိရတယ်။ ဘာလို့ဆို ခြေလျင်တပ်ရင်း တပ်ရင်းမှူးတစ်ယောက်စစ်ကြောင်းထွက်တယ် လုံခြုံရေးထွက်တယ်ဆိုရင် အမှန်အတိုင်းပြောရင် ကား ၆ စီးလောက်ပါတယ်ဗျ။ အခုဟာက ကား ၃ စီးလောက်ဆိုတဲ့အဆင့်က တပ်ခွဲမှူး ပြောရမယ်ဆိုရင် Senior captain လုပ်သက်ရင့် ဗိုလ်ကြီးတစ်ယောက် သွားတဲ့ လမ်းကြောင်းလောက်ပဲ ရှိတယ်။ ဒါမျိုးတွေကို နှစ်သိမ့်တဲ့အနေနဲ့ တစ်ဆင့်မြင့်ရာထူးတိုးပေးလိုက်တဲ့ အနေ အထားမျိုးပေါ့။ ဒီလိုမျိုး ရခိုင်စစ်မျက်နှာပြင်မှာလည်း ဗျူဟာမှူးကိုတောင်မှပဲ ဗိုလ်မှူးချုပ်ရာထူးပေးလိုက်တာဆိုတော့ ။ သူက ဗျူဟာမှူးထက်မြင့်တဲ့ Second Commander အဆင့်ဆိုတော့ စစ်တပ်က မဖြစ်မနေကို ပေးလိုက်ရတော့တဲ့အနေအထားမျိုးမို့ ပေးလိုက်ရတာပေါ့” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
စကခ ၁၃ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် သေဆုံးချိန်တွင် အသက် ၄၉ နှစ်ရှိနေပြီဖြစ်ကြောင်း၊ ၎င်းမှာ တနင်္သာရီတိုင်း ပြည်သူ့စစ်တပ်များကို ဦးစီးကွပ် ကဲရသူတစ်ဦးဖြစ်ပြီး စစ် တက္ကသိုလ်အပတ်စဉ် ၄၀ ကျောင်းဆင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခံခဲ့ရသူဖြစ်ကြောင်း၊ ၎င်းသေဆုံးမှုနှင့်တပ်သက်၍ ကမ်း ရိုးတိုင်းစစ်ဌာနချုပ်က စကခ ၁၃ စကခမှူးကို စစ်ခုံရုံးဖွဲ့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။