စစ်ကောင်စီ၏ရွေးကောက်ပွဲ စစ်ရေးဖိအားပေးရန် တိုက်ပွဲများ ခပ်စိပ်စိပ်ဖော်ဆောင်နေဟု မွန်တပ် ပြော

စစ်ကောင်စီ၏ရွေးကောက်ပွဲ စစ်ရေးဖိအားပေးရန် တိုက်ပွဲများ ခပ်စိပ်စိပ်ဖော်ဆောင်နေဟု မွန်တပ် ပြော
စက်တင်ဘာ−၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၏နိုင်ငံရေးဦးဆောင်မှုဖြင့်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရန်လမ်းညွှန်မှုအရ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီးနောက်ပိုင်း၊တိုက်ပွဲများ ခပ်စိပ်စိပ်ဖော်ဆောင်လျက်ရှိကြောင်း MSFC လက်အောက်ခံတပ်ဖွဲ့တခုဖြစ်သော မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။
MSRF၏ စစ်ရေးဖော်ဆောင်မှု ၃နှစ်ပြည့် ကြေညာချက်ကို ယနေ့ (စက်တင်ဘာ ၁ရက်)တွင် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို စစ်ရေးအရ ဖိအားပေးနေမှု အခြေအနေကို ထည့်သွင်းဖော်ပြသည်။
MSRFကို စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ် ၇ရက်တွင် ဗိုလ်မှူးထူး (လက်ရှိတပ်ရင်းမှူး နိုင်ဒရာဂွန်) ဦးဆောင်ပြီး လူ ၇ ဦး၊ လက်နက် ၃လက်ဖြင့် ရေးမြို့နယ်တောင်ပိုင်း တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ စက်တင်ဘာ ၁ရက်တွင် ပထမဦးဆုံးသော စစ်ဆင်ရေးအဖြစ် ရေးမြို့နယ် ခေါဇာမြို့ရဲစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဆိုသည်။
၂၀၂၂မှ ၂၀၂၅ ဩဂုတ်အထိ တိုက်ပွဲ ၆၉ကြိမ်ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၂ တွင်တိုက်ပွဲ ၂ကြိမ်သာ ဖော်ဆောင်နိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲပေါင်း ၁၄ကြိမ်၊၂၀၂၄တွင် တိုက်ပွဲ ၂၂ကြိမ်၊ ၂၀၂၅ ဇန်နဝါရီမှ ဩဂုတ်လအထိ တိုက်ပွဲ ၃၁ကြိမ်ဖော်ဆောင်နိုင်ခဲ့ဟု ထုတ်ပြန်သည်။
“ တစထက်တစ တိုးပွားလာတဲ့ စစ်အင်အားရယ် ပြီးတော့ ကျစ်လစ်ခိုင်မာလာတဲ့ စစ်ပုံကျမှုတွေနဲ့အတူ ယုံကြည်အားကိုးရတဲ့ မဟာမိတ်တပ်တွေနဲ့ ဟန်ချက်ညီညီ စစ်ရေးဖော်ဆောင်မှုတွေကိုပိုပြီးတော့ ပြုလုပ်လာနိုင်တယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က စစ်ဆင်ရေးများ ယခင်ထက် ဖော်ဆောင်နိုင်ခဲ့မှု အခြေအနေကို ပြောသည်။
၂၀၂၅ ဇန်နဝါရီ မှ သြဂုတ်အထိ စစ်ဆင်ရေးများကြောင့် စစ်ကောင်စီတပ်သား ၂၂၉ ဦးထက်မနည်း သေဆုံးကာ ၅၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ကိုစုဆောင်းထားသမျှ အချက်အလက်များမှ အတည်ပြုနိုင်ခဲ့ဟု MSRFက ထုတ်ပြန်သည်။
၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ နိုင်ငံရေး ဦးဆောင်မှုကိုခံယူပြီး ကောင်စီ၏ ကာကွယ်ရေးဌာနအောက်တွင် မွန်ပြည်အတွင်း စစ်ဒေသများ ဖြန့်ကျက်ကာ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်နိုင်ခဲ့ဟု အသိပေးသည်။ MSFC ကာကွယ်ရေးဌာနအောက်တွင် MSRFနှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)တို့ အတူတကွ စစ်ရေးပူးပေါင်းဖော်ဆောင်လျက်ရှိသည်။
ထို့အပြင် ၂၀၂၄မတ်လ မှစ၍ ယနေ့ ၂၀၂၅ သြဂုတ်အထိ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး၏ သံဖြူဇရပ်-ရေး-ထားဝယ် လမ်းပိုင်း နေရာများအား မဟာမိတ်တော်လှန်ရေး တပ်များနှင့်အတူ ပူးပေါင်းထိန်းချုပ်ကာ စိုးမိုးလာနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် တို့သည် တော်လှန်ရေးပူးပေါင်း မဟာမိတ် အဖြစ် ၂၀၂၃ဇူလိုင် ၁၄ ရက်မှ စတင်လက်တွဲ တိုက်ပွဲဝင်ခဲ့ရာ ညီနောင်ပမာ သစ္စာစောင့်သိသည့် မဟာမိတ်တပ်မှ တဆင့်တိုးကာ အချင်းချင်း အသက်ပေးကာကွယ်မည့် “ညီနောင်တပ်ဖွဲ့” အဖြစ် ၂၀၂၅ သြဂုတ် ၂၇ ရက်တွင် ဖွဲ့စည်းခဲ့ဟု အသိပေးသည်။
မွန်ပြည်တော်လှန်ရေးတပ် နှင့် နည်းဗျူဟာ (၃၃) တို့၏ ညီနောင်တပ်ဖွဲ့ သည် စစ်အာဏာရှင် နှင့် မည်သည့် အာဏာရှင်စနစ်မဆို အဆုံးတိုင် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းနိုင်သည် အထိ အတူတကွ တိုက်ပွဲသွားမည်ဖြစ်ကြောင်းသန္နိဌာန်ပြုထားကြောင်း ထုတ်ပြန်သည်။
MSRF အနေဖြင့် ၃ နှစ်တာ ကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ရေးမြို့နယ်( တောင်ပိုင်း နှင့် မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ နှင့် သရက်ချောင်းမြို့နယ်တို့အထိ ဖြန့်ကျက်ကာ တော်လှန်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့များ နှင့်အတူ စစ်ဆင်ရေးများကို အရှိန်မြှင့် ဖော်ဆောင်လျက်ရှိဟု အသိပေးသည်။
(မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − MSRF)