
မန္တလေးမြို့သစ်မှာ စစ်တပ်ခန့်ဝန်ကြီးချုပ်အမိန့်နဲ့ လမ်းဘေးဆိုင်တွေကိုရဲနဲ့စည်ပင်ကဖယ်ရှားနေ
သြဂုတ်-၂၉၊၂၀၂၅။မေရီ/People’s Spring
စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ်ပိုင်းလမ်းတွေပေါ်မှာလမ်းဘေးဆိုင်တွေကိုစစ်ကောင်စီတပ်လက်အောက်ခံ ရဲနဲ့ စည်ပင်ဝန်ထမ်းတွေက အင်အားအများအပြားနဲ့ လိုက်လံဖယ်ရှားနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောတယ်။
“ဆိုင်ရှေ့ခင်းထားတာတွေလည်း အကုန်ဖယ်ပေးဖျက်ပေးရမယ်ပြောတယ်။ ဒီလကုန်နောက်ဆုံးတဲ့”လို့ ချမ်းမြသာစည်မြို့က ဆိုင်ရှင်အမျိုးသမီးတဦးက ပြောပါတယ်။အခုလို လမ်းဘေးဆိုင်တွေဖယ်ရှားနေတာဟာစစ်ကောင်စီခန့်ဝန်ကြီးချုပ်ရဲ့အမိန့်လို့ သိရပါတယ်။
မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆိုင်တွေပြိုကျတာတွေကြောင့် ဆိုင်ခန်းစျေးနှုန်းတွေလည်း မြင့်တက်လာခဲ့ကြောင်း၊ အဲဒီအခြေအနေမှာ အခုလိုဆိုင်ရှေ့ခင်းကျင်းထားတာတွေ ဖယ်ပေးရတာ၊ ဆိုင်တွေ ဖျက်ပေးရတာတွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။
“သူတို့(စစ်ကောင်စီဝန်ထမ်းတွေ)ငွေရပေါက်ပဲပြန်ဖြစ်မှာပါ။ မကြာပါဘူး။”လို့ မန္တလေးမြို့သစ်နေ အမျိုးသားတဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် အဆောက်အဦးထောင်ချီပျက်စီးခဲ့ပါတယ်။ စျေးဆိုင်၊အရောင်းဆိုင်တွေလည်း ပြိုကျပျက်စီးခဲ့ပြီး ၅ လကျော်တဲ့အထိပြန်လည်ထူထောင်နိုင်ခြင်းမရှိသေးသလို ၊စစ်ကောင်စီကပေးတဲ့အကူအညီမရကြောင်း မြို့ခံတွေက ပြောပါတယ်။
(လမ်းဘေးဆိုင်တွေဖယ်ရှားဖို့ အစည်းအဝေးမှာ ညွှန်ကြားခဲ့တဲ့ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမျိုးအောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)