PDFအထူးတိုင်းစစ်ဌာနက မဟာမိတ်များနှင့် လက်တွဲပြီး စစ်ဆင်ရေးများအရှိန်မြှင့်မည်ဟု ကြေညာ

PDFအထူးတိုင်းစစ်ဌာနက မဟာမိတ်များနှင့် လက်တွဲပြီး စစ်ဆင်ရေးများအရှိန်မြှင့်မည်ဟု ကြေညာ
ဩဂုတ် ၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအထူးတိုင်းစစ်ဌာနအနေဖြင့် မဟာမိတ်များနှင့်လက်တွဲပြီးစစ်ဆင်ရေးများအရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟု ယနေ့(ဩဂုတ်၂၇ရက်) ထုတ်ပြန် ကြေညာသည်။
တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာများ၊တပ်ရင်းများနှင့် တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသော ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များကို ဦးစီးကွပ်ကဲပြီး မဟာမိတ် EROsတပ်ဖွဲ့များ၊ LPDF များနှင့်အတူ လက်တွဲသွားမည်ဟု ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းများ၊ ဗျူဟာများကို စနစ်တကျ စုဖွဲ့မှုပြုလုပ်၍ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းဖြစ်သည်။ အထူးတိုင်းစစ်ဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသော တိုင်းစစ်ဌာန ဖြစ်သည်။
“စုဖွဲ့မှုကတော့ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် အတွင်းမှာရှိတဲ့ MOD ကွပ်ကဲမှုအောက်က PDF တပ်ရင်း ဗျူဟာတွေ နဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်ပါတယ်။တိုင်းရင်းသား တော်လှန်ရေးအင်အားစုနယ်မြေတွေ လွတ်မြောက်ရေးမှသည် ပဲခူး ရန်ကုန် စစ်ဆင်ရေးတွေအတွက် အဓိကစုဖွဲ့တည်ဆောက်ထားတဲ့ တိုင်းစစ်ဌာနဖြစ်ပါတယ်။လက်ရှိစစ်ရေးလှုပ်ရှားမှုတွေကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးဘက်တွေမှာ ရှိနေပါတယ်”ဟု အထူးတိုင်းစစ်ဌာန သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ယနေ့တွင် အထူးတိုင်းစစ်ဌာန Facebook Page (https://www.facebook.com/share/p/1C6uybt76C/)ကို မိတ်ဆက်ခဲ့ပြီး တိုင်းစစ်ဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ စစ်ဆင်ရေးဆောင်ရွက်ချက်များနှင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များအား ပြည်သူလူထုသို့ အချိန်နှင့်တပြေးညီ တရားဝင်ထုတ်ပြန်သွားမည်ဟု အသိပေးကြေညာခဲ့သည်။
(PDF အထူးစစ်ဆင်ရေးအဖွဲ့ SOFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – SOF)