အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား

အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား
ရန်ကုန်၊ ဩဂုတ် ၂၂

AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော အမ်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှုကို မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေးအကြောင်းကြားလာကြောင်း သိရှိဥည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်အုပ်ချုပ်ရေးမှူအဖြစ် တာဝန်ထမ်းဆောင်နေသည့် အငြိမ်းစား ဗိုလ်ကြီးအောင်ပြည့်စုံစိုးမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း AA က အမ်းမြို့နယ်တစ်ခုလုံးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်တပ်နှင့်အတူ ခုခံရင်းသေဆုံးခဲ့ခြင်းဖြစ်​ကြောင်း မိသားစုနှင့်နီးစပ်သူများကဆိုသည်။
သေဆုံးသွားခဲ့သော ဗိုလ်ကြီး အောင်ပြည့်စုံစိုးတွင် ဇနီး သိမ့်သူသူအောင်နှင့် သမီးကျန်ရစ်ခဲ့ပြီး သမီးမှာ ပြည်ပတွင် နေထိုင်ပညာသင်ကြားနေကြောင်း သိရှိရသည်။
” သူရော၊ သူ့မိန်းမရောက စခမျိုးရိုး။ သူ့မိန်းမကလည်း စစ်တပ် အားပေးပဲ။ မင်းအောင်လှိုင် အာဏာသိမ်းတဲ့အချိန် တုန်းက ဆန္ဒထွက်ပြသူတွေကို အမျိုးမျိုးလှောင်ပြောင်စော်ကားခဲ့လို့ သူ့မိန်းမ ကျောင်းနေဘက်တွေကအစ သူ့ကို Social Punishment လုပ်ထားတာ’’ ဟု ၎င်းတို့နှစ်ဦးအကြောင်း သိရှိထားသော မိသားစုနှင့်နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်မှ အငြိမ်းစားယူ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြောင်းရွှေ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးအောင်ပြည့်စုံစိုးမှာ မသေဆုံးမီ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် AA ကို အကြမ်း ဖက်အဖွဲ့အဖြစ် လှောင်ပြောင် ပို့စ်တင်ခြင်း၊ AA ထံတွင် လက်နက်ချသူများကို တိုင်းပြည်သစ္စာဖောက်များဟု လူမှုကွန်ရက်တွင် ပို့စ်တင်၍ ရေးသားခဲ့သူဖြစ်ကြောင်း သိရှိရသည်။