သပိတ်ကျင်းရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု နည်းပြ အရာရှိ ၃ ဦး အပါအဝင် ၂၁ ဦးသေဆုံးပြီး အဆောင် ၄ ခု မီးလောင် ပျက်စီး (ရုပ်/သံ)

သပိတ်ကျင်းရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု နည်းပြ အရာရှိ ၃ ဦး အပါအဝင် ၂၁ ဦးသေဆုံးပြီး အဆောင် ၄ ခု မီးလောင် ပျက်စီး (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၂၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ နည်းပြ အရာရှိ ၃ ဦး အပါအဝင် ၂၁ ဦးသေဆုံးပြီး အဆောင် ၄ ခု မီးလောင် ပျက်စီးခဲ့ကြောင်း BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂ဝ ရက်နေ့တွင် BRAVE WARRIORS FOR MYANMAR ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေး တပ်ဖွဲ့များက သပိတ်ကျင်း ၇ မိုင်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) ကို ရှော့တိုက်ဒုံး ၁ဝ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရှော့တိုက်ဒုံး ၉ လုံးကိုအောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း အတွင်းရှိ အထက်တန်း နည်းပြ အရာရှိ ၃ ဦး နှင့် စစ်သား ၁၈ ဦး သေဆုံးကာ သင်တန်းအဆောင် ၄ ခု မီးလောင်ပြီး သင်ကြားရေးပစ္စည်း အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကို ပါဝင်ရင်း တချိန်တည်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဝိုင်းဆန့်ကျင်ကြဖို့ တိုင်တွန်းချင်ပါတယ်” ဟု BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို တတက ၁၃ သည် မန္တလေးတိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ စစ်သည်များက တပ်စိတ် တပ်စု တပ်ခွဲ များ ကို ဦးဆောင်၍ တိုက်ပွဲဝင်နိုင်စေရန် သင်ကြားပေးနေသော အရေးပါသည့် တိုက်ခိုက်ရေးသင်တန်းကျောင်းဖြစ်ပြီး သပိတ်ကျင်းနှင့် မိုးကုတ်ကို ထိုးစစ်ဆင်နေသော အကြမ်းဖက် စစ်တပ်၏ တပ်အထိုင်စခန်း ဖြစ်သောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၏ ဦးဆောင်မှုဖြင့် Shadow (အညာ) ၊ No more Dictatorship (NMD-PDF) နှင့် Infinity (အညာ) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး မန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့နှင့် နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့များလည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။