
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေး ကာကွယ်ပေးရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
ရွေးကောက်ပွဲမှာပါဝင်မဲ့ နိုင်ငံရေးပါတီဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတဲ့ကာလကနေ မဲပေးတဲ့ကာလအထိ လုံခြုံစွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့ကာကွယ်ပေးမှုတွေကို ဆောင်ရွက်ပေးသွားရမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဩဂုတ်၁၂ရက်ကပြုလုပ်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။
ရွေးကောက်ပွဲမဖြစ်မြောက်စေဖို့ ပြည်တွင်း/ပြည်ပက အဖျက်အမှောက်လုပ်ရပ်တွေ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက်လည်း ထိရောက်တဲ့ကာကွယ်မှုတွေ ဆောင်ရွက်ပေးဖို့လိုအပ်မယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပေးရမှာဖြစ်သလို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ၊ မသမာမှုကင်းတဲ့ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။