
အားလုံးညီညွတ်မှ အောင်ပွဲနွှဲနိုင်မည်ဟု KNU ဒုစစ်ဦးစီးချုပ်ပြော
ဩဂုတ်-၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကရင်အမျိုးသားများအားလုံး ပေါင်းစည်းလုပ်ဆောင်ရန် အရေးကြီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။
ယနေ့ ဩဂုတ် ၁၂ရက်တွင် ကျရောက်သည့် ကရင့်အမျိုးသားအာဇာနည်နေ့တွင် KNU/KNLA ဒုစစ်ဦးစီးချုပ်က အာဇာနည်နေ့ဂုဏ်ပြု မိန့်ခွန်းပြောကြားခဲ့ရာ ညီညွတ်ရေးလိုအပ်မှုကို ထည့်သွင်း ပြောကြားသည်။
သက်ရှိထင်ရှားရှိနေကြသူများအနေဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်း
အသက်ပေးခဲ့ကြသည့် အာဇာနည်များ လိုလားသည့် ရည်မှန်းချက်ပန်းတိုင် ဖြည့်ဆည်းနိုင်ရန် ကျင့်ကြံ လှုပ်ရှားရမည့် တာဝန်ရှိဟု ဒုစစ်ဦးစီးချုပ်က ပြောသည်။
“ကျနော်တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ အရေးကြီးတယ် ဘာဖြစ်လို့လဲဆိုတော့ အာဇာနည်တွေကို ကျနော်တို့တန်ဖိုးထားလို့ပဲ ဖြစ်တယ်။ ပေးဆပ်သွားတဲ့ အသက်တွေကို တန်ဖိုးထားသလို သက်ရှိ ရှင်သန်နေသေးတဲ့ အသက်တွေကိုလည်း တန်ဖိုးထားရမှာ ဖြစ်တယ်။ တဦးကို တဦး တန်ဖိုးထားပြီး ပေါင်းစည်းလုပ်ဆောင်မှသာလျင် ကျနော်တို့တတွေ အင်အားရှိလာမှာ ဖြစ်တယ်။ စည်းလုံးညီညွတ်မှ အောင်ပွဲနွှဲနိုင်မယ်” ဟု ဒုစစ်ဦးစီးချုပ် စောဘော်ကျော်ဟဲက ပြောကြားသည်။
ထို့ပြင် ကရင်လူမျိုး အားလုံးအနေဖြင့် ကရင်ံ့အမျိုးသားအာဇာနည်နေ့ကို တန်ဖိုးထားပြီး ဂုဏ်ပြု ကျင်းပရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
ထိုသို့ ကရင့်အာဇာနည်နေ့ကို အသိအမှတ်ပြု ဂုဏ်ပြုရာ၌ အပေါ်ယံအနေဖြင့် ဂုဏ်ပြုခြင်းမျိုးပဲ မဟုတ်ဘဲ ယုံကြည်ချက် ရပ်တည်ချက်အပေါ် ခိုင်မာစွာ ရပ်တည်လုပ်ဆောင်ကြရမည်ဟုလည်း ဒုစစ်ဦးစီးချုပ်က ပြောကြားသည်။
(KNLAဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော် မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ – Screen Grab)