မြင့်ဆွေ မသာချ လမ်းကြောင်းအသေးစိတ် ပေါက်ကြားခဲ့သဖြင့် လုံခြုံရေး အစီအမံများ အဆင့်ထပ်မံ မြှင့်တင်ပြောင်းလဲခဲ့ရပြီး ဒရုန်း Jammer နှင့် Drone Guard များ နှစ်ဆတိုးချထား

မြင့်ဆွေ မသာချ လမ်းကြောင်းအသေးစိတ် ပေါက်ကြားခဲ့သဖြင့် လုံခြုံရေး အစီအမံများ အဆင့်ထပ်မံ မြှင့်တင်ပြောင်းလဲခဲ့ရပြီး ဒရုန်း Jammer နှင့် Drone Guard များ နှစ်ဆတိုးချထား
ရန်ကုန်၊ ဩဂုတ် ၁၁

အကြမ်းဖက်စစ်တပ်၏ ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ ယနေ့ မသာချ လမ်းကြောင်းမှာ ၁ ရက်ကြိုတင် ပေါက်ကြားခဲ့သဖြင့် စစ်တပ်က လုံခြုံရေး အစီအမံများ အဆင့်ထပ်မံမြှင့်တင်ပြောင်းလဲခဲ့ရပြီး ဒရုန်း Jammer နှင့် Drone Guard များ နှစ်ဆတိုးခဲ့ရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မြင့်ဆွေအလောင်းမသာကို အမှတ် ၂ စစ်ဆေးရုံမှ စစ်သင်္ချိုင်းသို့ ပို့ဆောင်ရာတွင် လမ်းကြောင်း ၈ ခု သတ်မှတ်ထားပြီး ယင်းသတ်မှတ်လမ်းကြောင်း ၈ ခုကို အစိတ်အပိုင်းများနှင့်တကွ Khit Thit က ယမန်နေ့ကသတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
“ဈာပန လမ်းကြောင်းတွေ ပေါက်သွားလို့ လုံခြုံရေးတွေ ထပ်တိုးလိုက်တယ်။ ဒရုန်း Jammer နဲ့ Drone Guard တွေ ဈာပန လမ်းပိုင်း ၈ ခုလုံးမှာ နှစ်ဆတိုးလိုက်တယ်။ လုံခြုံရေး အစီအမံတွေ အကုန် အပြောင်းအလဲလုပ်ပြီး ထပ်တိုးလိုက်တာ။ လမ်း ကြောင်း သယ်မယ့် အစီအစဉ်တွေ အကုန်ပေါက်သွားလို့။ ဒရုန်းနဲ့ ဗုံးကျဲခံရမှာ စိုးရိမ်လို့ လုံခြုံရေး ထပ်တိုးတာ ” ဟု နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ယနေ့ နေပြည်တော်တွင် နံက် ၉ နာရီမှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန်အထိ မြင့်ဆွေ နာရေးလမ်းကြောင်း တစ်လျှောက်နှင့် စစ်သင်္ချိုင်းတွင် စစ်တပ်က Jammer များ ဖွင့်ထားသဖြင့် ဖုန်းလိုင်းများနှင့် အင်တာနက်များ ယာယီ ဖြတ်တောက်ခံထားရကြောင်း သိရှိရသည်။
ယနေ့ မသာချသည့် မြင့်ဆွေ အသုဘသို့ ပြည်သူများနှင့် Non-CDM ဝန်ထမ်းများကို စစ်တပ်က အတင်းအကျပ် ဆင့်ခေါ်ခဲ့ပြီး နံနက်အစောပိုင်းမှစတင်၍ လမ်းဘေးဝဲယာတစ်လျှောက် နေပူထဲတွင် စောင့်ဆိုင်းခဲ့ရကြောင်း၊ အတင်း အကျပ် ဆင့်ခေါ်ခံခဲ့ရသော ပြည်သူများအတွက် ထွေ/အုပ်က အစား အသောက် စီစဉ်ပေးမည်ဟု ဆိုခဲ့သော်လည်း မည်သည့်အစားအသောက်မှ မပေးခဲ့ကြောင်း ဖိအားပေး ခြိမ်းခြောက်ခေါ်ဆိုခံခဲ့ရသည့် ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။