AA နှင့်ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က သေနတ်နှင့် လက်နက်ကြီးများတွင်အမျိုးသမီး ထဘီစချည်ပြီးတိုက်ခိုက်နေ

နိရဉ္စရာ၊ ဩဂုတ် ၆/၂၀၂၅

အာရက္ခတပ်တော် ( AA)နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် လက်နက်ငယ်များနှင့် လက်နက်ကြီးများတွင် အမျိုးသမီးထဘီစများကို ချည်ကာ တိုက်ခိုက် နေကြသည်ဟု အလင်းဝင်တပ်သားတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အာရက္ခတပ်တော်သို့ အလင်းဝင်လာသည့် တပ်သားနေသူရမျိုး ကိုယ်ပိုင်အမှတ် – ပစ/ ၁၄၇၅၅၁က သူ၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်းတွင် ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။

“ ခင်ဗျားတို့ဆီက သိမ်းဆည်းရိမိတဲ့ လက်နက်ခဲယမ်းတွေမှာ (၂၄) ပစ္စည်း ဘုရားစာတွေ ကပ်ထားတာတွေ့ရယ်။ ဒီဟာတွေက ဘာအတွက် လုပ်ကြတာလဲ” AA ၏ မေးမြန်းမှုအပေါ် တပ်သားနေသူရမျိုးက ယခုလိုဖြေကြားသည်။

“ အထက်အရာရှိပြောတာကတော့ အေအေက အောက်လမ်းနည်းနဲ့ တိုက်ခိုက်တာလို့ ပြောတယ်ဗျာ။ ကျနော်တို့ဘက်က ကျသွားတဲ့ ရဲဘော်ဆိုလို့ရှိရင် အေအေဘက်ကနေပြီးတော့ အသားစိမ်း၊ ငါးစိမ်းကျွေးပြီး ပြန်တိုက်ခိုက်တာလို့ပြောတယ်ဗျာ” ဟု ပြောဆိုသည်။

၎င်းပြင် လက်ပစ်ဗုံး၊ ဗုံးသီးတွေမှာ ဘုရားစာတွေပုံမှန်ကပ်သလို သေနတ်များနှင့် လက်နက်ကြီးများတွင်လည်း အမျိုးသမီးထဘီစများကို ကပ်ကာ စစ်တိုက်ရသည်ဟု ဆက်လက်ပြောဆိုသည်။

“အဲဒါကြောင့် ကျနော်တို့ ကိုင်နေတဲ့ လက်ပစ်ဗုံး၊ ဗုံးသီးတွေမှာ ဘုရားစာတွေပုံမှန်ကပ်လေ့ရှိတယ်ဗျာ။ ကျနော်တို့ပစ်တဲ့ သေနတ်တွေ၊မှာ ထဘီစချည်ရတယ်။ လက်နက်ကြီးတွေမှာ ထဘီစတွေ ချည်ပြီး ပစ်လေ့ရှိတယ်ဗျာ” ဟု ပြောဆိုသည်။

အာရက္ခတပ်တော်မှ တပ်သားနေသူရမျိုး ထွက်ဆိုချက် ရုပ်သံမှတ်တမ်းတွင်ဩဂုတ် ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၎င်းရဲဘော်သည်တပ်သားနေသူရမျိုး တပ်မ (၉၉) လက်အောက်ခံ ခမရ (၁၅) ဖြစ်ပြီးပဒါန်းစစ်မြေပြင်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် အာရက္ခတပ်တော် ( AA) ထံ အလင်းဝင် လာခဲ့သည်။