အရှေ့တောင်တိုင်းဒုတိုင်းမှူးဖမ်းဆီးစစ်ဆေးခံရပြီးနောက် မွန်စီးပွားရေးလုပ်ငန်းရှင် တချို့ စစ်ဆေးခံရ

အရှေ့တောင်တိုင်းဒုတိုင်းမှူးဖမ်းဆီးစစ်ဆေးခံရပြီးနောက် မွန်စီးပွားရေးလုပ်ငန်းရှင် တချို့ စစ်ဆေးခံရ
4 Aug 2025 By Min AB / MPA
အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတချို့ စစ်ဆေးခံရပြီးနောက် မွန်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်အမည်ခံ ခရိုနီတချို့ စစ်ဆေးခံနေရကြောင်း စုံစမ်းသိရှိရသည်။
စီးပွားရေးလုပ်ငန်းရှင်တချို့က တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းနိုင်ရေး သက်ဆိုင်ရာ အာဏာပိုင်များကို အခကြေးငွေ လာဘ်ထိုးခဲ့သည့်စွပ်စွဲချက်များဖြင့် ယခုရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးခံနေရခြင်း ဖြစ်သည်။
“ခရိုနီတွေက စစ်တပ်နဲ့ အကောက်ခွန်တို့လို ဌာနဆိုင်ရာတွေနဲ့ လက်ဝါးခြင်းရိုက်ပြီး လုပ်စားကြတဲ့ ပုံစံမျိုးဖြစ်မယ် ထင်တာပေါ့၊ သိထားတာက ဒုတိုင်းမှူးတို့က ထုတ်ပြောပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆိုပြီးတော့ ခေါ်စစ်နေတာပဲ သိထားတာ” ဟု အမည်မဖော်လိုသည့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတဦးက MPA ကို ပြောသည်။
စစ်ဆေးခံရသူများတွင် မော်လမြိုင်မြို့ ရှိ လုပ်ငန်းရှင် ၈ ဦးခန့် ပါဝင်သည်ဟု သိရသော်လည်း အမည်အသေးစိတ်နှင့် လုပ်ငန်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တရားမဝင် ကုန်ပစ္စည်းများကို လာဘ်ငွေယူပြီး လွှတ်ပေးသည့် အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်အပါအဝင် ကရင်ပြည်နယ်မှ စစ်ဘက်အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူများ၏ ထွက်ဆိုချက်ကြောင့် မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတချို့ ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရခြင်းဖြစ်သည်။
မွန်းပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသည့် စီးပွားရေးလုပ်ငန်းရှင်များကို မော်လမြိုင်မြို့တွင်သာ အကျယ်ချုပ်ပုံစံထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
“ဖမ်းဆီးထားတာထက် နေရာတခုကို ခေါ်ပြီး စစ်နေတယ်လို့ပဲ သိထားရတာ” ဟု အမည်မဖော်လိုသည့် မွန်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဖမ်းဆီးစစ်ဆေးနေစဉ်ကာလအတွင်း မိသားစုများအပါအဝင် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တွေ့ဆုံခွင့် မပြုကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် မွန်ပြည်နယ် စစ်ဘက်အရာရှိတချို့ကို ယနေ့( ဩဂုတ်လ ၄ ရက်) မနက်ပိုင်းတွင် စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ စစ်ဘက်အရပ်ဘက်အကြီးအပိုင်းများနှင့် စီးပွားရေးလုပ်ငန်းတချို့ လက်ဝါးချင်းရိုက်ပြီး ထိုင်း-မြန်မာနယ်စပ်မှ တစ်ဆင့် အကောက်ခွန်မဲ့ပစ္စည်းများ တင်သွင်းမှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြောင်း ထိုင်း-မြန်မာ မြဝတီနယ်စပ်မှ ကုန်သည်တစ်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းများ၌ စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပါဝင်ကူညီပေးနေကြောင်း ဆိုသည်။
“BGF/KNA တို့လို အမည်ခံတွေက သူတို့ကိုယ်တိုင်ပဲ သယ်ပေးနေတာ၊ လူတိုင်းသိနေတာပဲလေ၊ အခုမှ မဟုတ်ဘူး၊ ဟိုးအရင်ကတည်းကပဲ အခုဆို သူတို့လုပ်ပိုင်ခွင့်ရှိတယ်၊ အေးဆေးလုပ်လို့ရတယ်၊ ပေါင်းစားနေကြတာပဲ” ဟု ထိုင်း-မြန်မာ မြဝတီနယ်စပ်မှ ကုန်သည်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းနေကြောင်း သတင်းကျယ်ကျယ်ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက ၎င်းတို့၏ လူရင်းများကို ဖမ်းဆီးခြင်းမပြုဘဲ နယ်စပ်တွင် ကုန်သွယ်ရေးလုပ်နေသည့် လုပ်ငန်းရှင်များကိုသာ ဖမ်းဆီးခြင်း၊ ကုန်တင်ယာဉ်များကို သိမ်းဆည်းပြီး ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်သည့် ဝန်ထမ်းများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ဇူလိုင်လကုန်ပိုင်းတွင် ဒုစစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဘက်အရပ်ဘက်အရာရှိပိုင်းတချို့ ဖမ်းဆီးစစ်ဆေးခံလာရခြင်း ဖြစ်သည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-ပေးပို့
ပုံစာ-မွန်ပြည်နယ်တစ်နေရာအားတွေ့ရစဉ်