
လုံခြုံရေးခြိမ်းခြောက်မှုတွေရှိနေတဲ့ ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ် စစ်ခေါင်းဆောင် ခရီးသွားပြ
ဧရာဝတီ၊ ဩဂုတ် ၃၊ ၂၀၂၅
ခြုံခိုတိုက်ခိုက်မှုများနှင့် မိုင်းထောင်ဖောက်ခွဲမှုများ မကြာခဏဖြစ်နေသည့် ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ် ကားနှင့် ရထားစီးကာ နေပြည်တော်မှ ရန်ကုန်သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်များ ယမန်နေ့တွင် သွားလာခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်က ကားလမ်းနှင့် ရထားလမ်း ယှဉ်ဖောက်ထားသည့် ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော်မှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ တောင်ငူမြို့သို့သွားရောက်ကာ တိုင်းစစ်ဌာနချုပ်နှင့် ကေတုမတီမြို့ဟောင်းတို့တွင် လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် နေပြည်တော်မှထွက်လာခဲ့သည့် DEMU လူစီးအမြန်ရထားဖြင့် တောင်ငူမှ ရန်ကုန်ဘူတာကြီးအထိ လိုက်ပါစီးနင်းခဲ့ခြင်း ဖြစ်သည်။
ပဲခူးရိုးမအရှေ့ခြမ်းနှင့် စစ်တောင်းမြစ်ကြားတွင်ရှိသည့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက စစ်တပ်ယာဉ်များနှင့် လုံခြုံရေးစခန်းများအား မကြာခဏကြားဖြတ်တိုက်ခိုက်လေ့ရှိသည့် လမ်းပိုင်း ဖြစ်သည်။
အထူးသဖြင့် စစ်ခေါင်းဆောင် ရထားစီးနင်းခဲ့သည့် တောင်ငူ- ရန်ကုန်လမ်းပိုင်းသည် ကြားဖြတ်တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပွားသည့် လမ်းပိုင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက် ညပိုင်းက တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ဆားဂွန်းဂိတ် စစ်တပ်ကင်းစခန်းအား ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဝင်များ စီးနင်းတိုက်ခိုက်ရာ နာရီဝက်ခန့်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း ဖြူး ပကဖ က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဇွန် ၂၄ ရက် ညပိုင်းကလည်း တောင်ငူနှင့်ပဲခူးမြို့ကြား ရန်ကုန်-မန္တလေးလမ်းဟောင်းတလျောက်ရှိ စစ်တပ်စခန်း ၇ ခုအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ရဲအုပ်တဦးအပါအဝင် သုံးဦး အရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုစစ်ဆင်ရေးတွင် ရန်ကုန်-မန္တလေးလမ်းဟောင်း ကားလမ်းနှင့်ရထားလမ်းဖြတ်သန်းသွားရာ ဇေယျဝတီဘူတာ၊ ညောင်လေးပင်းမြို့နယ် တော်ဝိကျေးရွာစစ်တပ်စခန်းများလည်း တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည်။
အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ကော်မရှင်အား ပြောင်းလဲဖွဲ့စည်းပြီးနောက် မြို့ပေါင်း ၆၃ မြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာထားသော်လည်း ပဲခူးတိုင်းအတွင်းက မြို့များပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup