နောင်တွင်လည်း ဝိုင်းဝန်းကူညီရန် စစ်ကောင်စီအဖွဲ့ဝင်များကို စစ်ခေါင်းဆောင် ပြော

နောင်တွင်လည်း ဝိုင်းဝန်းကူညီရန် စစ်ကောင်စီအဖွဲ့ဝင်များကို စစ်ခေါင်းဆောင် ပြော
001
မဇ္ဈိမ။ ။ ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီ အဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံများကို နောင်ဆက်လျှောက်မည့် ခရီးစဉ်များတွင်လည်း ဝိုင်းဝန်းကူညီကြရန် ဇူလိုင် ၃၀ ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိဗိမာန်တွင် ပြုလုပ်သည့် စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
(၇) ကြိမ်မြောက်သက်တမ်းတိုးထားသည့် အရေးပေါ်ကာလ ခြောက်လ သက်တမ်းမကုန်ဆုံးခင် တရက်အလိုတွင် ပြုလုပ်သည့် အဆိုပါ တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင်က လေးနှစ်ခွဲကာလအတွင်း ဝိုင်းဝန်းဆောင်ရွက်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီးလက်ရှိကာလကို “ဒုတိယစာမျက်နှာရဲ့အစ”ဟု ဆိုခဲ့သည်။
“နောင်မှာလည်း ဆက်လျှောက်ရမယ့် ခရီးစဉ်တွေမှာလည်း ကျွန်တော်တို့ ဒီလိုပဲ အောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျွန်တော် တိုက်တွန်းလိုပါတယ်။ ဆက်လျှောက်လှမ်းမယ့်ခရီး နိုင်ငံတော်ရဲ့ရှေ့ခရီးကတော့ အများကြီး ကျန်ပါသေးတယ်။ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့ အစဖြစ်ပါတယ်။ ပထမ စာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ” ဟုဆိုသည်။
အဆိုပါ တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း ထပ်မံပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တာဝန်ပေးအပ်ခြင်း၊ စစ်မှုထမ်းဉပဒေပြဌာန်းခဲ့ပြီး ဆောင်ရွက်ခြင်း၊ စစ်ကောင်စီ၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် အကြိမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ပြည်သူ့စစ်များဖွဲ့စည်း ဆောင်ရွက်ခြင်းများရှိသော်လည်း ၎င်းတို့ဖြင့် မလုံလောက်ကြောင်းလည်း ထည့်သွင်းပြောသည်။
ပြည်သူများ ဝိုင်းဝန်းဆောင်ရွက်မှ ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူများ အမှန်တကယ်မဲပေးကြရေး တာဝန်ရှိသူအဆင့်ဆင့်က တိုက်တွန်းစည်းရုံးပေးရန်လိုကြောင်းလည်း မှာကြားသည်။
စစ်ကောင်စီက ဆက်လက်ကိုင်ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ၊လုံ) က တပ်ချုပ် အာဏာရယူထားမှုကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့ကစပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဟု ဆိုထားသည်။
ထို့ကြောင့် ဇူလိုင် ၃၁ ရက်နေ့တွင် ပြုလုပ်မည့် ကာ၊ လုံအစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင်က ၎င်းတို့ပင် ကြီးစိုးထားသည့် ကာ၊ လုံကို အာဏာပြန်အပ်၊ မအပ်နှင့် ပတ်သက်ပြီး သုံးသပ်မှုအချို့လည်း ထွက်ပေါ်နေသည်။
လက်ရှိတွင်လည်း စစ်ကောင်စီအနေဖြင့် ထောင်ဒဏ် တသက်နှင့် သေဒဏ်အထိ ပြစ်ဒဏ်များပါဝင်သည့် ရွေးကောက်ပွဲ ကာကွယ်ရေးဉပဒေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့် ဉပဒေများ ဇူလိုင် ၂၉ ရက်နေ့က ပြဋ္ဌာန်းပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည်။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ – နောင်ဆက်လျှောက်မည့် ခရီးစဉ်များတွင်လည်း ဝိုင်းဝန်းကူညီကြရန် စစ်​ခေါင်း​​ဆောင်က စစ်​ကောင်စီအဖွဲ့ဝင်များနှင့် လက်​အောက်ခံများကို ဇူလိုင် ၃၀ ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိဗိမာန်တွင် ပြုလုပ်သည့် စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။