
ကန့်ဘလူနယ်က NUG ဆေးရုံ ဗုံးကြဲခံရ၊
လူနာဆောင် တည့်တည့် ဗုံးကြဲခံရပြီး သေဆုံးထိခိုက်မှု များပြား၊
သက်တန့်/MFP ၊ ဇူလိုင်-၃၀
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းအရှေ့ဘက် တောတွင်းတစ်နေရာမှာ ဆောက်လုပ်ထားတဲ့ ဆေးရုံကို ဇူလိုင် ၂၉ ရက် ညပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံး ထိခိုက်မှု များပြားတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ အဖွဲ့ဝင်နဲ့ ဒေသခံတချို့က ပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ – NUG က ဦးဆောင်ကာ ဆေးရုံဆောက်လုပ်ထားပြီး ပြည်သူတွေကို ဆေးဝါးကုသပေးနေတဲ့ အဲ့ဒီ ဆေးရုံကို ချာဂျင် ဆေးရုံလို့ နာမည်ပေးထားပြီး ကန့်ဘလူနယ်ခံတွေ သာမက တခြားနီးစပ်ရာ ဒေသတွေက ပြည်သူတွေပါ လာရောက် ဆေးဝါးကုသမှု ခံယူကြတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၉ရက် မနေ့ည ၁၁ နာရီလောက်မှာ အဲ့ဒီ ချာဂျင် ဆေးရုံကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာဖြစ်ပြီး လူနာဆောင် နေရာအတိအကျကို ကြဲချတိုက်ခိုက်သွားတာလို့ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“(ထိခိုက်ဒဏ်ရာရ၊ သေဆုံးတာက) ဆေးလာကုနေတဲ့ ပြည်သူတွေ၊ လူနာဆောင်ပေါ် ချသွားတာဆိုတော့ ပြည်သူတွေ အများကြီး ပါသွားတယ်။ လောလောဆယ်တော့ သေဆုံးထိခိုက် တိတိကျကျ မသိရသေးဘူး”
ဒေသခံပြည်သူတွေ ဆေးကုပေးနိုင်ဖို့ NUG က ဖွင့်လှစ်ပေးထားတဲ့ ချာဂျင်လို့ အမည်ပေးထားတဲ့ ဆေးရုံဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းအရှေ့ဘက်မှာ ရှိတဲ့ တောတွင်းဆေးရုံဖြစ်တယ်လို့ ဆိုပါတယ်။
မြို့ပေါ်ဆေးရုံတွေကို ဆေးကုသဖို့ခက်ခဲတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အဲဒီဆေးရုံဟာ ဒေသတွင်းမှာ နာမည်ကြီး ဆေးရုံတစ်ခု ဖြစ်ပြီး သတင်းပေါက်ကြားသွားတာ ဖြစ်မယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆေရုံကတော့ ကျနော်တို့က တစ်ခေါက်မှတော့ မရောက်ဖူးဘူး။ တော်တော်လေး နာမည်ကြီးတယ်။ အနယ်နယ် အရပ်ရပ်က ချာဂျင်၊ ချဂျင်နဲ့ ပါးစပ်က မချဘူးပြောနေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်င့တဝန်းရှိ တော်လှန်ရေး အင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေက ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ ဘုရားစေတီ၊ ဘုန်းကြီးကျောင်း စတဲ့ အများပြည်သူဆိုင်ရာ နေရာတွေနဲ့ လူနေရပ်ကွက်တွေကို ထင်တိုင်းကျဲ ဗုံးကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေ ဗုံးကြဲနေလို့ NUG က ဗုံးဒဏ်ခံ မြေအောက် စာသင်ကျောင်းနဲ့ မြေအောက်ဆေးရုံတွေ ဆောက်လုပ်ဖို့ ကြိုးစားနေပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ အတွင်း နိုင်ငံတဝန်းက အရပ်သားပစ်မှတ်တွေကို တစ်နေ့ကို ခုနှစ်ကြိမ်ခန့်သာ ဗုံးကြဲခဲ့ရာက ယခု ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်းက အရပ်သားပစ်မှတ်တွေကို တစ်နေ့ကို ၁၀ကြိမ်နဲ့ ၁၁ကြိမ် ဗုံးကြဲနေတာလို့ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ သုတေသနအဖွဲ့တွေက ဆိုပါတယ်။
မင်းအောင်လှိုင်ကို သစ္စာခံပြီး နိုင်ငံတဝန်း ဗုံးကြဲသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု