ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်း မြန်မာနိုင်ငံသို့ စစ်တပ်က ပြန်လွှဲခိုင်းမှု လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းပြုခွင့်အပေါ် ကန့်သတ်မှုဟု NLD အစိုးရ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်ပြော

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်း မြန်မာနိုင်ငံသို့ စစ်တပ်က ပြန်လွှဲခိုင်းမှု လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းပြုခွင့်အပေါ် ကန့်သတ်မှုဟု NLD အစိုးရ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်ပြော
🟥 အလုပ်သမားဝန်ကြီး မောင်မြင့်က ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်အောင် ရယူမည်ဟု ကြံ့ဖွတ်လွှတ်တော်တွင် ထုတ်ပြော
ရန်ကုန်၊ အောက်တိုဘာ ၁၈
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ မိသားစုထံ မဖြစ်မနေ ပြန်လည်လွှဲပို့ခိုင်းခြင်းနှင့် ငွေလွှဲထားကြောင်း အထောက်အထားမပြနိုင်ပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ OWIC ထုတ်ပေးခြင်းနှင့် ပြည်ပအလုပ်သွားရောက်လုပ်ကိုင်ခွင့်များကို ကန့်သတ်ခြင်းသည် လွတ်လပ်စွာ အသက် မွေးဝမ်းကျောင်းပြုခွင့်နှင့် သွားလာခွင့်များအပေါ် အချိုးမညီသည့် ကန့်သတ်မှု အဖြစ် NLD အစိုးရ လက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီးဟောင်း ဦးဆက်အောင်က ဝေဖန်ပြောဆိုသည်။
ဦးဆက်အောင်က လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုရာတွင် ပြည်ပအလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအနေ ဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ မိသားစုထံ မဖြစ်မနေ ငွေလွှဲရမည်ဆိုသည့် မူဝါဒသည် အပေါ်ယံအားဖြင့် မိသားစုထံ ငွေပြန်ပို့ခြင်းသာဖြစ်သဖြင့် ပြဿနာမရှိသကဲ့သို့ ထင်ရနိုင်သော်လည်း လက်တွေ့တွင် အလုပ်သမားများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း ပြောသည်။
ပြည်ပတွင် ကျွမ်းကျင်မှုနှင့် ပညာရပ်အပေါ် အခြေခံ၍ ဝင်ငွေကောင်းစွာ ရရှိနေသူများရှိသော်လည်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံများတွင် လုပ်ခလစာနည်းပါးစွာဖြင့် ရုန်းကန်လုပ်ကိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများလည်း အများအပြားရှိကြောင်း ၎င်းက ဆိုသည်။
ထိုလုပ်သားများအတွက် ရရှိသည့်လစာသည် ပိုလျှံငွေမဟုတ်ဘဲ အိမ်ငှားခ၊ စားစရိတ်၊ သွားလာစရိတ်၊ အကြွေးနှင့် အခြားမဖြစ်မနေကုန်ကျစရိတ်များအတွက် အသုံးပြုနေရသည့် ဝင်ငွေဖြစ်သဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်လွှဲရမည်ဆိုပါက စားစရိတ်လျှော့ချခြင်း၊ အကြွေးထပ်ယူခြင်း သို့မဟုတ် အလုပ်ချိန်ပိုလုပ်ကိုင်ခြင်းများ ဖြစ်လာနိုင်ကြောင်း ဦးဆက်အောင်က ပြောသည်။
“ကိုယ့်မိသားစုဆီ ငွေဘယ်လောက်ပို့နိုင်မလဲဆိုတာဟာ ကိုယ့်ဝင်ငွေ၊ ကိုယ့်အသုံးစရိတ်နဲ့ မိသားစုရဲ့ လိုအပ်ချက်တွေပေါ် မူတည်ပြီး ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ကိစ္စပါ။ လူတိုင်းရဲ့ အခြေအနေမတူတာကို လျစ်လျူရှုပြီး တစ်ပုံ စံတည်း သတ်မှတ်လိုက်တာဟာ ဝင်ငွေနည်းသူတွေအပေါ် ပိုပြီးဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းက ပြောဆိုထားသည်။
ထို့အပြင် သတ်မှတ်ထားသည့်အတိုင်း ငွေလွှဲထားကြောင်း အထောက်အထား မပြနိုင်ပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ OWIC ထုတ်ပေးခြင်းနှင့် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့်များကို ကန့်သတ်သည့် စည်းမျဉ်းများ ရှိနေခြင်းသည် သာမန်ငွေလွှဲစည်းကမ်းတစ်ခုထက် ပိုမိုသည့် အခြေအနေဖြစ်ကြောင်း ဦးဆက်အောင်က ဝေဖန်သည်။
“ကိုယ့်လုပ်အားနဲ့ ရှာထားတဲ့ငွေကို သတ်မှတ်ထားတဲ့အတိုင်း မလွှဲလို့ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်ခွင့်ကိုပါ ထိခိုက် စေမယ်ဆိုရင် ဒါဟာ သာမန်ငွေလွှဲစည်းကမ်းတစ်ခုထက် ပိုသွားပါပြီ” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ပြည်ပလုပ်သားများ၏ ငွေလွှဲမှုနှင့် ပြည်ပအလုပ်လုပ်ကိုင်ခွင့်တို့ကို ဆက်စပ်ကန့်သတ်ခြင်းသည် လူတစ်ဦး၏ လွတ်လပ်စွာ သွားလာခွင့်နှင့် အသက်မွေးဝမ်းကျောင်းပြုခွင့်များအပေါ် အချိုးမညီသည့် ကန့်သတ်မှုများ ဖြစ်လာနိုင်သဖြင့် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ရှုထောင့်မှ စိစစ်ရန်လိုကြောင်း ဦးဆက်အောင်က ပြောသည်။
ဦးဆက်အောင်ကမူ ပြည်ပလုပ်သားများကို တရားဝင်လမ်းကြောင်းမှ ငွေလွှဲစေလိုပါက မဖြစ်မနေ လွှဲခိုင်းခြင်းထက် ငွေလွှဲခ လျှော့ချပေးခြင်း၊ ငွေလဲနှုန်းကို ပြင်ပဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းစဉ်ကို လွယ်ကူမြန်ဆန်စေခြင်းနှင့် ဘဏ်စနစ်အပေါ် ယုံကြည်စိတ်ချရမှု တိုးမြှင့်ပေးခြင်းတို့ဖြင့် တရားဝင်လမ်းကြောင်းကို အသုံးပြုလိုလာအောင် မက်လုံးပေးသင့်ကြောင်း အကြံပြုထားသည်။
“ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အများအားဖြင့် ကိုယ့်မိသားစုဘဝ ပိုကောင်းလာဖို့ မိသားစုနဲ့ ခွဲခွာပြီး ရုန်းကန်နေကြရသူတွေပါ။ သူတို့ရဲ့ လုပ်အားနဲ့ ရှာဖွေထားတဲ့ ဝင်ငွေတွေဟာ နိုင်ငံအတွက် နိုင်ငံခြားငွေ ရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို နိုင်ငံခြားငွေ ရှာပေးရမယ့် ကိရိယာတွေအဖြစ်ပဲ မမြင်သင့်ပါဘူး” ဟု ဦးဆက်အောင်က ပြောဆိုထားသည်။
၎င်းက စီးပွားရေးမူဝါဒများ ချမှတ်ရာတွင် နိုင်ငံခြားငွေ ရရှိရေးနှင့် စီးပွားရေးကိန်းဂဏန်းများ တိုးတက်ရေးကိုသာ အာရုံစိုက်ခြင်းမဟုတ်ဘဲ ပြည်ပအလုပ်သမားများ၏ ဘဝရပ်တည်ရေး၊ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြောဆိုထားသည်။
တစ်ဖက်တွင် စစ်တပ်၏ အလုပ်သမားဝန်ကြီး မောင်မြင့်က အောက်တိုဘာ ၁၅ ရက်နေ့ ကြံ့ဖွတ်လွှတ်တော်တွင် ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာများကို မိသားစုထံ တရားဝင်လွှဲပို့ရမည်ဖြစ်ကြောင်း၊ ယမန်နှစ် အဆိုပါ လွှဲပို့ငွေမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရရှိခဲ့ကြောင်း ထုတ်ဖာ်ပြောဆိုသည်။
မောင်မြင့်၏ ပြောကြားချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခလစာများကို မိသားစုထံ လွှဲပို့နိုင်ရန် AD လိုင်စင်ရဘဏ်များနှင့် နိုင်ငံတကာငွေလွှဲအဖွဲ့အစည်းများ ချိတ်ဆက်၍ ဆောင်ရွက်ခြင်းနှင့် ကုမ္ပဏီများအား Remittance Business License (RBL) ခွင့်ပြုခြင်းတို့ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်ပရောက် မြန်မာလုပ်သားများ၏ မိသားစုထံ ပြန်လည်လွှဲပို့ငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံကျော် ရရှိခဲ့သဖြင့် ယခုနှစ်တွင်လည်း အလားတူရရှိနိုင်ရေး ဆောင်ရွက်နေကြောင်း မောင်မြင့်က ကြံ့ဖွတ်လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထိုသို့ ရရှိသည့် မိသားစုလွှဲပို့ငွေများကို စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးနှင့် လျှပ်စစ်ထုတ်လုပ်ရေးအတွက် LNG ဓာတ်ငွေ့ ဝယ်ယူရာတွင် အသုံးပြုနေကြောင်း မောင်မြင့်က ပြောဆိုသည်။