စစ်မှုထမ်းမဲပေါက်ထားပါက တက္ကသိုလ်ကျောင်းသားဆိုလျှင် ကျောင်းယာယီရပ်နား၍ ၂ နှစ်စစ်မှုထမ်းဆောင်ရမည်ဟု ညွှန်ကြား

စစ်မှုထမ်းမဲပေါက်ထားပါက တက္ကသိုလ်ကျောင်းသားဆိုလျှင် ကျောင်းယာယီရပ်နား၍ ၂ နှစ်စစ်မှုထမ်းဆောင်ရမည်ဟု ညွှန်ကြား
ရန်ကုန်၊ အောက်တိုဘာ ၁၀
မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းနေပြီး မဲပေါက်ထားပါက တက္ကသိုလ်ဖြစ်လျှင် ကျောင်းကို ယာယီရပ်နား၍ ၂ နှစ်တာ စစ်မှုထမ်းဆောင်ရမည်ဟု ခရိုင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားလာကြောင်း ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လမှစတင်ပြီး ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက မြို့နယ်များ၏ စစ်မှုထမ်းဆင့်ခေါ်ရေး စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို အလုံးစုံ လွှဲပြောင်းရယူပြီးနောက် ရပ်ကွက်များနှင့်ကျေးရွာများတွင် စစ်မှုထမ်းမှုဆိုင်ရာ မဲနှိုက်ပွဲများကို ဖိဖိစီးစီးဆောင်ရွက်လာကြောင်း၊ မဲပေါက်ထားသူများအနေဖြင့် စစ်မှုထမ်းရွှေ့ဆိုင်းခြင်း၊ တိမ်း ရှောင်ခြင်းများ မရှိစေရေး မိဘဆွေမျိုးများကို တာဝန်ခံ လက်မှတ်ရေးထိုးခိုင်းနေကြောင်း၊ထိုအထဲတွင် စစ်မှုထမ်း မဲပေါက်ထားသူများသည် တက္ကသိုလ်ကျောင်းသားဖြစ်နေပါက ကျောင်းကို ၂ နှစ်ယာယီရပ်နား၍ စစ်မှုထမ်းဆောင်ရမည်ဟု ညွှန်ကြားလာကြောင်း သိရှိရသည်။
“ခရိုင်ဘက်က ပြောလာတာက စစ်မှုထမ်းမဲပေါက်သူတွေကို အဓိက ဦးစားပေးခေါ်ဖို့။ စစ်မှုထမ်းကြေးငွေကောက်တာတွေ မလုပ်ဖို့။ နောက်တစ်ခုကတော့ မဲပေါက်သူကတော့ ဘယ်လိုဖြစ်ဖြစ် စစ်မှုထမ်းရမယ်။ တက္ကသိုလ်ကျောင်းသား ဖြစ်နေရင်တောင်မှ ၂ နှစ်ကျောင်းယာယီရပ်နားပြီး စစ်မှုထမ်းရမယ်။ ရွှေ့ဆိုင်းလို့ မရဘူး လို့ ညွှန်ကြားတယ်။ ဒါက အစည်းအဝေးခေါ်ပြီး ညွှန်ကြားတာပါ” ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် မဲပေါက်ထားသော စစ်မှုထမ်းရမည့် လူငယ်များအနေဖြင့် ရှောင်မပြေးနိုင်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်နှင့်ရပ်ကွက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက အဆင်ပြေရာ နည်းလမ်းများဖြင့် ဆောင်ရွက် ကြရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။
“စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ လူငယ်တွေအနေနဲ့ သူ့အလှည့်ကျတဲ့အချိန်မှာ ထွက်ပြေးတာမဖြစ်စေဖို့အတွက် မှတ်ပုံတင်၊ UID Smart Card တွေကို သိမ်းထားဖို့၊အကယ်၍ ခရီးသွားမယ်ဆိုရင်လည်း မြို့နယ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဆီကို ခွင့်ပြုချက်မယူဘဲ သွားတာတွေကို စောင့်ကြည့်ဖို့။ ဖြစ်နိုင်ရင် ထွက်မပြေးအောင် လစဉ် ခြေချုပ်ပုံစံမျိုး ရုံးမှာ ခေါ်ယူ လက်မှတ်ရေးထိုးခိုင်းဖို့။ သက်ဆိုင်ရာ မိဘအုပ်ထိန်းသူက မဲပေါက် သူ ထွ့က်မပြေး အောင် တာဝန်ယူပါတယ်ဆိုတဲ့ ခံဝန် လက်မှတ်တောင်းခံထားဖို့လည်း ညွှန်ကြားတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောဆိုသည်။
အကယ်၍ မဲပေါက်ထားသည့် လူငယ်များ ထွက်ပြေးသွားပါက သက်ဆိုင်ရာ မြို့နယ်နှင့်ရပ်ကွက် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက တာဝန်ယူ လူစားရှာဖွေပေးရမည်ဖြစ်ပြီး လူအင်အားမပြည့်လျှင် အရေးယူခံရမည်ဟု ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယခုအောက်တိုဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၉ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။