စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများကိုသာ ပြည်ပအလုပ်အကိုင်များတွင် ပိုမိုဦးစားပေးစေလွှတ်ရန် စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးက ညွှန်ကြား
ရန်ကုန်၊ ဩဂုတ် ၅
အကြမ်းဖက်စစ်တပ်ထံတွင် အလှည့်ကျ စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများကိုသာ ပြည်ပအလုပ်အကိုင်များတွင် ပိုမိုဦးစားပေး စေလွှတ်ရန် စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီး ခင်မောင်စိုးက ညွှန်ကြားပြောဆိုလာကြောင်း နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းရင်းမြစ်ထံမှ သိရသည်။
ဩဂုတ်လ ၃ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနတွင် ကျင်းပသည့် စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ၌ အလုပ်သမားဝန်ကြီးက ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းရင်းမြစ်က ပြောသည်။
“လက်ရှိမှာ လူငယ်တွေ ပြည်ပကို အလုပ်သမားအဖြစ် ထွက်ခွာတာ များလာတဲ့အတွက် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုနဲ့ ပြည်တွင်းအလုပ်သမား ရှားပါးမှုပြဿနာ ဖြစ်လာနေတယ်။ အဲဒါကို လျှော့ချဖို့ သမ္မတ (အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်) က ကိုင်တွယ်ဖို့ ညွှန်ကြားထားတဲ့အတွက် အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ ပြည်ပအလုပ်အကိုင်နဲ့ သွားရောက်တာတွေကို ပိုမိုစိစစ်ကန့်သတ်ဖို့ ညွှန်ကြားတယ်။ နောက်တစ်ချက်ကတော့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူတွေကို ပြည်ပအလုပ်အကိုင်တွေမှာ ပိုပြီး ဦးစားပေးစေလွှတ်ဖို့ ညွှန်ကြားတယ်။ အေဂျင်စီတွေအနေနဲ့ စစ်မှုထမ်းဆောင်ပြီးသူတွေကို အဓိက ဦးစားပေး စေလွှတ်ရင် မြန်မြန်ဆန်ဆန်နဲ့ အလုပ်သမားဝန်ကြီးဌာနဘက်က ဦးစားပေး ဆောင် ရွက်ပေးဖို့ညွှန်ကြားတယ် ” ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းရင်းမြစ်က ပြောသည်။
လတ်တလော စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများကို လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားများအဖြစ် စေလွှတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများကို ပြည်ပသို့ စေလွှတ်နိုင်ရေးအတွက် စစ်တပ်က အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းထားပြီး ယင်းကော်မတီက စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူများအား ပြည်တွင်းနှင့် ပြည်ပအလုပ်အကိုင်များ ရရှိစေရေး ဆောင်ရွက်ပေးနေကြောင်း၊ စစ်မှုထမ်းပြီးပါက ပြည်ပတွင် အလုပ်လုပ်လိုပါက မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေး လုပ်ဆောင်ပေးရန် ခင်မောင်စိုးက ညွှန်ကြားသည်။
ယင်းအပြင် စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများ အပါအဝင် ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများတွင် မလိုအပ်သည့် လုပ်ငန်းစဉ်များကို လျှော့ချဆောင်ရွက်ရန်၊ ပြည်ပလုပ်သားဈေးကွက်များ ရရှိစေရေး၊ ပြည်တွင်း လုပ်သားအင်အား ဆုံးရှုံးမှုမရှိစေရေးကို ကြီးကြပ်ဆောင်ရွက်ရန်တို့ကိုလည်း ခင်မောင်စိုးက ညွှန်ကြားကြောင်း သိရှီရသည်။