ပြည်ပမှ တင်သွင်းနေသည့် စက်သုံးဆီများကို လာမည့်စက်တင်ဘာလမှစတင်၍ ၃၀ ရာခိုင်နှုန်းလျှော့ချပြီး သန်လျင်ရေနံချက်စက်ရုံထုတ် စက်သုံးဆီများဖြင့် အစားထိုးကာ လာမည့် ၅ နှစ်အတွင်း ပြည်ပ စက်သုံးဆီတင်သွင်းမှု ၇၅ ရာခိုင်နှုန်း လျှော့ချရန် မင်းအောင်လှိုင် အမိန့်ပေးထားဟုဆို

ပြည်ပမှ တင်သွင်းနေသည့် စက်သုံးဆီများကို လာမည့်စက်တင်ဘာလမှစတင်၍ ၃၀ ရာခိုင်နှုန်းလျှော့ချပြီး သန်လျင်ရေနံချက်စက်ရုံထုတ် စက်သုံးဆီများဖြင့် အစားထိုးကာ လာမည့် ၅ နှစ်အတွင်း ပြည်ပ စက်သုံးဆီတင်သွင်းမှု ၇၅ ရာခိုင်နှုန်း လျှော့ချရန် မင်းအောင်လှိုင် အမိန့်ပေးထားဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၄
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပမှ တင်သွင်းနေသည့် စက်သုံးဆီများကို ယခုနှစ် စက်တင် ဘာလမှစတင်၍ ၃၀ ရာခိုင်နှုန်း လျှော့ချပြီး သန်လျင်အမှတ် (၁) ရေနံချက်စက်ရုံမှ ထုတ်လုပ်မည့် စက်သုံးဆီများဖြင့် အစားထိုးအသုံးပြုကာ လာမည့် ၅ နှစ်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ညွှန်ကြားထားကြောင်း စွမ်းအင်ဝန်ကြီးဌာနသတင်းရင်းမြစ်ထံမှ သိရှိရသည်။
မင်းအောင်လှိုင်၏ အမိန့်ဖြင့် စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အမှတ် ၁ ရေနံချက်စက်ရုံကို Modular Type Refinery အဖြစ် ပြန်လည်တည်ဆောက်နေပြီး ပထမအဆင့် (Phase I) အနေဖြင့် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သိန်း ချက်လုပ်နိုင်မည့် စက်ရုံကို ယခုနှစ် စက်တင်ဘာလအတွင်း စတင်လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
Phase I စတင်လည်ပတ်သည်နှင့် ပြည်ပမှ တင်သွင်းနေသည့် စက်သုံးဆီပမာဏကို ၃၀ ရာခိုင်နှုန်း လျှော့ချပြီး ပြည်တွင်းထုတ် စက်သုံးဆီများဖြင့် အစားထိုးဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ ထို့နောက် Phase II ကို ဆက်လက်အကောင်အထည်ဖော်ကာ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ အဆိုအရ Phase II ပြီးစီးချိန်တွင် နိုင်ငံ၏ ဓာတ်ဆီလိုအပ်ချက် ၆၀ ရာခိုင်နှုန်းနှင့် ဒီဇယ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး လာမည့် ၅ နှစ်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်း၌ ရေနံစိမ်းတူးဖော်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် ပြည်တွင်းရေနံစိမ်း ရှာဖွေရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန်လည်း မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ စာရင်းများအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ယနေ့အထိ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃ ဒသမ ၅၄ သန်းဂါလန်မှ ၂ ဒသမ ၅ သန်းဂါလန်သို့ ကျဆင်းလာခဲ့ပြီး ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေကာ စက်သုံးဆီအရန်သိုလှောင်နိုင်မှု ၁၀ ရက်စာခန့် ပိုမိုတိုးလာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းခန့်ကို ပြည်ပမှ တင်သွင်းနေရပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အသုံးပြုနေရကြောင်း၊ လက်ရှိ စက်သုံးဆီကို စနစ်တကျ လျှော့ချသုံးစွဲနိုင်လာသဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ချွေတာနိုင်မည်ဟု စစ်တပ်က ထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်အမိန့်ဖြင့် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ရေးနှင့် ရေနံချက်စက်ရုံသစ် စီမံကိန်းများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပါဝင်သည့် Prime စွမ်းအင်ကုမ္ပဏီ၊ သမ္မတဟောင်း သိန်းစိန်၏ သမီး ရှယ်ယာပါဝင်ထားသည့် Myan Oil ကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရရှိထားကြသည်။
ထို့ပြင် သန်လျင်ရေနံချက်စက်ရုံ စီမံကိန်း၏ လုပ်ပိုင်ခွင့်များအနက် ၆၀ ရာခိုင်နှုန်းခန့်ကို အောင်ပြည့်စုံ ဦးဆောင်သည့် Prime စွမ်းအင်ကုမ္ပဏီက ရရှိထားပြီး ကျန် ၄၀ ရာခိုင်နှုန်းကို Myan Oil နှင့် Heyday ကုမ္ပဏီတို့က ခွဲဝေရယူထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်တွင် နှစ်ပေါင်းများစွာ ရပ်နားထားသည့် သန်လျင်အမှတ် (၁) ရေနံချက်စက်ရုံကို ပြန်လည်လည်ပတ်ရန် ညွှန်ကြားခဲ့ပြီးနောက် စက်ရုံအဟောင်း အဆင့်မြှင့်တင်ရေးနှင့် ရေနံချက်စက်ရုံသစ် စီမံကိန်းများကို စတင်အကောင်အထည်ဖော်ခဲ့ကာ ၎င်း၏သား အောင်ပြည့်စုံ အပါအဝင် နီးစပ်သည့်ကုမ္ပဏီများက လုပ်ပိုင်ခွင့်များ ရရှိခဲ့ကြခြင်းဖြစ်သည်။