အာဏာသိမ်းစစ်တပ်ကိုရုရှားအထူးစစ်ဆင်ရေးလေ့ကျင့်ပေးနေ

အာဏာသိမ်းစစ်တပ်ကိုရုရှားအထူးစစ်ဆင်ရေးလေ့ကျင့်ပေးနေ
ဇူလိုင် – ၁၅ ၊၂၀၂၆

အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေအတွက် လေ့ကျင့်သင်တန်းပေးမှုတစ်ခုကို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်နေ့တုန်းကအဲဒီသတင်းကို Telegramမှာ အတည်ပြု ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့နေပြည်တော်မှာရှိတဲ့စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးကောလိပ် (NDC)ရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်တဲ့ မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်း လေ့ကျင့်ခန်း အစီအစဉ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယို ဖြတ်ပိုင်းတို တစ်ခုကိုလည်း မျှဝေထားခဲ့ပါတယ်။
အဲဒီဗီဒီယိုထဲမှာ ပါရှိတဲ့ ဆိုင်းဘုတ်တစ်ခုအရ လေ့ကျင့်ရေး အစီအစဉ်ကို ဇူလိုင် ၆ ရက်ကနေ ၁၇ ရက်နေ့ထိ သတ်မှတ်ထားကြောင်း တွေ့ရှိခဲ့ရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရဇူလိုင် ၁၄ ရက်မှာ အာဏာ သိမ်းမြန်မာစစ်တပ်ရဲ့ လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပြည့်စုံလင်းဟာ လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်သူတွေကို ကြိုဆို တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
အခု ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ မြန်မာကြားက ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုတွေကို ပိုမို ချဲ့ထွင်လာနိုင်ခြင်းရဲ့ သင်္ကေတ တစ်ရပ်ဖြစ်ကြောင်း၊ လေ့ကျင့်ရေး အစီအစဉ်ကြောင့် မိတ်ဆွေ နိုင်ငံနှစ်ခုရဲ့ စစ်မှုထမ်းတွေဟာ အဖိုးတန် တိုက်ခိုက်ရေး အတွေ့အကြုံကောင်းတွေကို မျှဝေနိုင်မှာဖြစ်ကြောင်း၊ ဒီလေ့ကျင့်မှုဟာ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ နောက်ထပ် အဆင့်တက်လှမ်းမှု တစ်ခုဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ပြည့်စုံလင်းက ပြောကြားခဲ့ကြောင်း ရုရှားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခမ်းအနား အပြီးမှာတော့ ရုရှား တပ်ဖွဲ့ဝင်တွေဟာ ခေတ်မီ ရုရှား စစ်လက်နက်တွေကို အာဏာသိမ်းမြန်မာစစ်တပ် စစ်အရာရှိတွေဆီ ရှင်းလင်းပြောကြားခဲ့သလို လက်တွေ့ သရုပ်ပြမှု တချို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။
ကိုးကား -Russian MoD