ရန်ကုန် လှည်းတန်းဘူတာနှင့် ဗဟိုလမ်းတစ်ဝိုက်တွင် ရတနာအောင် လူနာတင် ပရဟိတယာဉ်များဖြင့် ရဲနှင့် ပျူစောထီးများက စစ်မှုထမ်း ရရှိရေး လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲ
ရန်ကုန်၊ ဇူလိုင် ၁၁
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ လှည်းတန်းဘူတာနှင့် ဗဟိုလမ်းတစ်ဝိုက်တွင် ရတနာအောင် လူနာတင်ပရဟိတ ယာဉ်များကို အသုံးပြု၍ ရဲနှင့် ပျူစောထီးများက လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲကာ စစ်မှု ထမ်းအဖြစ် စုဆောင်းနေကြောင်း ဒေသပြည်သူများနှင့်ဖမ်းဆီးခံထားရသော လူငယ်တချို့၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် လှည်းတန်းဘူတာသို့ ဆိုင်ကယ်အမှတ် ၄၁ယ/ ၃၀၉၉၂ ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းမှ ရဲ ၁ ဦး၊ ရဲသတင်းပေးနှင်ပျူစောထီး ဇွဲထက်နောင် (ခ) နောင်နောင်တို့ ရောက်ရှိလာပြီး ရထားလမ်းပလက်ဖောင်းပေါ်တွင် ထိုင်နေသည့် လူငယ် ၂ ဦးကို မသင်္ကာဟုဆိုကာ ဖုန်းများကို စစ်ဆေးပြီး ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးကို ရတနာအောင်ပရဟိတယာဉ်ပေါ်သို့ တင်ဆောင်ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ကမာရွတ်မြို့နယ်အတွင်းတွင် ရဲနှင့်ပျူစောထီးများက ရတနာအောင် ပရဟိတအဖွဲ့၏ အနက်ရောင်နှင့် အဖြူရောင် လူနာတင်ယာဉ် ၂ စီးကို အသုံးပြု၍ ညနေပိုင်းနှင့် ညပိုင်းများတွင် လူငယ်များကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
“အခုရက်ပိုင်းအတွင်း ဒီလို လူဖမ်းတာ ၃ ကြိမ်၊ ၄ ကြိမ်လောက် ရှိနေပြီ။ ရတနာအောင်ပရဟိတကား ၂ စီးက စည်ပင်ရုံးသစ်မှာ ထိုးထားလေ့ရှိတယ်။ အဲဒီကနေ ထွက်ပြီး လူဖမ်းတာ။ သူတို့ထဲက တစ်ယောက်က ပရဟိတကားနဲ့ လူဖမ်းရတာ ပိုလွယ်တယ်လို့တောင် ပြောတယ်။ လူတွေက လူနာတင်ကားဆို တော့ သတိမထားမိကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်အချိန်ကလည်း ရဲနှင့်ပျူစောထီးများက ဗဟိုလမ်း (ခိုင်ရွှေဝါလမ်း) ဆိုက်ကားဂိတ်မှတ်တိုင်အနီး၌ အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကိုလည်း မသင်္ကာဟုဆိုကာ ဖုန်းစစ်ဆေးခဲ့ပြီး ပိုက်ဆံအိတ်အတွင်းမှ ငွေများကို ယူဆောင်ခဲ့ကြောင်း သိရှိရသည်။
ကမာရွတ်မြို့နယ်တွင် လူငယ်များကို ရဲများနှင့်အတူ လိုက်လံ ဖမ်းဆီး ပေါ်တာဆွဲနေသော ပျူစောထီး ဇွဲထက်နောင် (ခ) နောင်နောင် စစ်အာဏာမသိမ်းမီက ရဲ သတင်းပေးလုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ရဲများနှင့် ပူးပေါင်း၍ လူဖမ်း ငွေညှစ်ခြင်း၊ ပေါ်တာဆွဲ၍ ငွေညှစ်ခြင်းများ လုပ်ဆောင်နေသူဖြစကြောင်း၊ ဇွဲထက်နောင်(ခ) နောင်နောင်က ဆိုင်ကယ်အမှတ် ၇၁ယ/၂၁၀၀၀ ကို မကြာခဏ အသုံးပြုကာ ရဲအယောင်ဆောင် သွားလာလေ့ရှိကြောင်း သိရှိရသည်။
“ဇွဲထက်နောင်က လူဖမ်းပြီး ငွေညှစ်တယ်။ ငွေမရရင် စုဆောင်းရေးကို ပို့တယ်လို့ သိရတယ်။ အခု စစ်မှုထမ်းအတွက် လူလိုနေလို့ ပိုပြီး ဖမ်းမယ့်အခြေအနေရှိတယ်။ ဧည့်စာရင်းမတိုင်ထားရင်လည်း ဖမ်းခေါ်တာရှိတယ်။ ” ဟု အခြေအနေကို သိရှိသည့် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇူလိုင်လ ၇ ရက်နေ့တွင် လှည်းတန်းဘူတာရှေ့၊ ပတ္တမြားလမ်းထိပ်နှင့် ခိုင်ရွှေဝါလမ်းထိပ်တစ်ဝိုက်၌ အရပ်ဝတ်များဖြင့် စောင့်ကြည့် ထောက်လှမ်းနေသူများကို နေရာအနှံ့ တွေ့ရှိရပြီး လှည်းတန်းဘူတာရှေ့တွင် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက နံနက် ၆ နာရီမတိုင်မီကတည်းက ရောက်ရှိကာ လူငယ်များကို လိုက်လံထောက်လှမ်းမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါ ရဲများနှင့်ပျူစောထီးများမှာ ပတ္တမြားလမ်းထိပ် ကွမ်းယာဆိုင်အနီးတွင်လည်းကောင်း၊ ခိုင်ရွှေဝါလမ်းထိပ်၊ ၁၆ ပေဂုံးအနီးတွင်လည်းကောင်း၊ ကမာရွတ်မြို့နယ်အတွင်းရှိ ဆိုက်ကားဂိတ်တစ်ဝိုက်တွင်လည်းကောင်း လှည့်လည် လူငယ်များ ရှာဖွေဖမ်းဆီးနေကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းရန် လူအင်အားလိုအပ်ချက် မြင့်တက်နေသဖြင့် လူငယ်များ ကို ဖမ်းဆီး ပေါ်တာဆွဲခြင်းနှင့် စစ်မှုထမ်းစုဆောင်းရေးသို့ ပို့ဆောင်ခြင်းများ ပိုမိုလုပ်ဆောင်နေကြောင်း ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဘူတာ၊ ဗဟိုလမ်းနှင့် အနီးတစ်ဝိုက်တွင် ရတနာအောင် အမည်တပ်ထားသော လူနာတင်ပရဟိတယာဉ်များဖြင့် လူငယ်များကို လှည့်လည် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- မြိတ်တွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း စစ်တပ်နှင့်ရဲများက လူနာတင်ကားနှင့်ပရဟိတယာဉ်များကို အသုံးပြု ၍ ပြည်သူများကို လိုက်လံဖမ်းဆီး ပစ်ခတ်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)