စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းပြတ်ရွေ့ကြော ၅၀၀ ကီလိုမီတာအထိ ကွဲထွက်စေခဲ့ပြီး အလွန်ရှားပါးသော အသံထက်မြန်သည့်အရှိန်ဖြင့် ပြတ်ရွေ့ ရွေ့လျားမှု လက္ခဏာများ တွေ့ရှိရ၊ ပြင်းအား ၇ နှင့်အထက် ငလျင်ကြီးများ နှစ် ၁၀၀ ကျော်အတွင်း ပြန်လာနိုင်
ရန်ကုန်၊ ဇူလိုင် ၉



၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၇ ရှိ စစ်ကိုင်းငလျင်ကြီးသည် စစ်ကိုင်းနှင့် မန္တလေးဒေသကိုသာ လှုပ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက် ကီလို မီတာ ၅၀၀ ခန့်အထိ ကွဲထွက်ပျက်စီးခဲ့ကြောင်း သုတေသနလေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
အဆိုပါငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၁၁,၀၀၀ ကျော် ဒဏ်ရာရရှိကာ နေအိမ်များ၊ လမ်းတံတားများနှင့် အခြေခံအဆောက်အအုံများ အကြီးအကျယ် ပျက်စီးခဲ့သည်။ သုတေသီများ၏ သုံးသပ်ချက်အရ ယင်းပျက်စီးဆုံးရှုံးမှုများမှာ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက် အလွန်ရှည်လျားပြီး မြေမျက်နှာပြင်အနီးတွင် အရှိန်မြင့်စွာ ကွဲထွက်ခဲ့သည့် ပြတ်ရွေ့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
သုတေသီများက ဂြိုဟ်တုပုံရိပ်များ၊ ရေဒါတိုင်းတာမှုနည်းပညာ (InSAR) နှင့် Pixel Offset Tracking နည်းပညာများကို အသုံးပြု၍ ငလျင်ဖြစ်ပွားစဉ် မြေပြင်ရွေ့လျားမှုကို လေ့လာခဲ့ကြသည်။ ရလဒ်အရ ပြတ်ရွေ့ကွဲထွက်မှုသည် ကီလိုမီတာ ၅၀၀ ခန့်အထိ ရှည်လျားခဲ့ပြီး ယင်းသည် ကမ္ဘာပေါ်တွင် မှတ်တမ်းတင်ထားသည့် အရှည်ဆုံး အလျားလိုက်ပြတ်ရွေ့ (Strike-slip) ငလျင်များအနက် တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
လေ့လာမှုအရ ငလျင်ကြောင့် မြေပြင်သည် အများဆုံး ၄ ဒသမ ၆ မီတာအထိ ရွေ့လျားခဲ့ပြီး ပုံမှန်ငလျင်ကြီးများတွင် မြေအောက်ပိုင်းထက် မြေမျက်နှာပြင်ပေါ်ရှိ ရွေ့လျားမှု လျော့နည်းလေ့ရှိသော်လည်း ယခုငလျင်တွင် ထိုသို့ မဖြစ်ခဲ့ဘဲ မြေမျက်နှာပြင်အထိ ပြတ်ရွေ့ရွေ့လျားမှု အပြည့်အဝ ရောက်ရှိခဲ့သည်။
ထို့ကြောင့် မြို့ရွာများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများ တိုက်ရိုက်ထိခိုက်ပျက်စီးခဲ့ပြီး လူနှင့်ပိုင်ဆိုင်မှုများအတွက် အလွန်ဆိုးရွားသည့် ဘေးအန္တရာယ် ဖြစ်စေခဲ့ကြောင်း သုတေသီများက ဆိုသည်။
သုတေသီများ၏အဆိုအရ စစ်ကိုင်းပြတ်ရွေ့သည် နှစ်သန်းပေါင်းများစွာ တည်ရှိလာသည့် ရင့်ကျက်သော ပြတ်ရွေ့ဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း အင်အား ၇ နှင့်အထက် ငလျင်ကြီး အနည်းဆုံး ၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုသို့ ပြတ်ရွေ့များတွင် ကွဲထွက်မှုသည် အတားအဆီးနည်းပါးသဖြင့် အလွန်လျင်မြန်စွာ ဆက်လက်ပြန့်နှံ့နိုင်ကြောင်း ဖော်ပြထားသည်။
လေ့လာမှု၏ အထူးတွေ့ရှိချက်တစ်ခုမှာ ပြတ်ရွေ့၏ တောင်ပိုင်းတစ်စိတ်တစ်ပိုင်းတွင် ငလျင်လှိုင်းထက် ပိုမြန်သည့် ပြတ်ရွေ့ကွဲထွက်မှု (Supershear) ဖြစ်ပွားခဲ့ဖွယ်ရှိခြင်းဖြစ်သည်။ ယင်းသည် ပြတ်ရွေ့ကွဲထွက်သည့် အမြန်နှုန်းက ငလျင်လှိုင်းသွားသည့် အမြန်နှုန်းထက်ပင် ပိုမြန်သွားသည့် ရှားပါးဖြစ်စဉ်ဖြစ်ပြီး အသံအမြန်နှုန်းကို ကျော်လွန်သည့် လေယာဉ်ကြောင့် Sonic Boom ဖြစ်ပေါ်သကဲ့သို့ ငလျင်လှုပ်ခတ်မှုကို ပိုမိုပြင်းထန်စေနိုင်သည်ဟု သုတေသီများက ရှင်းပြထားသည်။
သို့သော် သုတေသီများက အဆိုပါဖြစ်စဉ်အပေါ် အတည်ပြုချက် ထုတ်ပြန်ခြင်းမဟုတ်သေးဘဲ အထောက်အထားများအရ ထိုသို့ ဖြစ်ပွားခဲ့ဖွယ်ရှိကြောင်းသာ သုံးသပ်ထားသည်။ ၎င်းတို့၏ သုံးသပ်ချက်မှာ နောက်ဆက်တွဲငလျင် အရေအတွက်နည်းပါးခြင်း၊ ပြတ်ရွေ့၏ ပုံသဏ္ဌာန် တည့်မတ်ခြင်းနှင့် စွမ်းအင်ထုတ်လွှတ်မှုပုံစံတို့အပေါ် အခြေခံထားခြင်းဖြစ်သည်။
သုတေသီများ၏ အဆိုအရ ပြတ်ရွေ့သည် မြောက်ဘက်မှ စတင်ကွဲထွက်ကာ စက္ကန့် ၇၀ မှ ၉၀ အတွင်း တောင်ဘက်သို့ ဆက်လက်ပြန့်နှံ့သွားခဲ့ပြီး ပထမ ကီလိုမီတာ ၁၀၀ ခန့် ကျော်လွန်ချိန်တွင် တောင်ပိုင်း၌ ငလျင်လှိုင်းထက် ပိုမြန်သည့် အမြန်နှုန်းသို့ ကူးပြောင်းခဲ့ဖွယ်ရှိသည်။
ထို့အပြင် ယခုငလျင်သည် ၂၀၁၂ ခုနှစ် အင်အား ၆ ဒသမ ၈ ငလျင်ဖြစ်ပွားခဲ့သည့် နေရာနှင့် ၁၉၃၀ ပြည့်နှစ် အင်အား ၇ ဒသမ ၅ ငလျင်ဖြစ်ပွားခဲ့သည့် နေရာကြားရှိ နှစ်ပေါင်းများစွာ ငလျင်ကြီး မဖြစ်ပွားသေးသည့် ပြတ်ရွေ့ အပိုင်းကို ဖြတ်သန်းကွဲထွက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ယင်းအပိုင်းတွင် ကမ္ဘာမြေအတွင်း ဖိအားများ ဆယ်စုနှစ်များစွာ စုပုံနေခဲ့ခြင်းက ယခုကဲ့သို့ အလွန်ရှည်လျားသော ပြတ်ရွေ့ကွဲထွက်မှုကို ဖြစ်စေခဲ့နိုင်ကြောင်း သုတေသီများက သုံးသပ်ထားသည်။
Coulomb Stress တွက်ချက်မှုများအရ ပြတ်ရွေ့တစ်ပိုင်းတွင် ဖြစ်ပေါ်သော ဖိအားပြောင်းလဲမှုများက နောက်ထပ် ပြတ်ရွေ့အပိုင်းများကို ဆက်လက်ကွဲထွက်စေရန် အားပေးခဲ့ပြီး ယင်းကြောင့် ငလျင်ပြတ်ရွေ့သည် ကီလိုမီတာ ၅၀၀ အထိ ဆက်တိုက်ပြန့်နှံ့နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ထိုအရှည်သည် အင်အား ၇ ဒသမ ၇ ငလျင်တစ်ခုအတွက် ယခင်ခန့်မှန်းချက်များထက် နှစ်ဆနီးပါး ပိုရှည်ကြောင်း သိရသည်။
သုတေသီများသည် စစ်ကိုင်းပြတ်ရွေ့၏ ယခုကွဲထွက်ခဲ့သည့် အပိုင်းများတွင် အင်အား ၇ နှင့်အထက် ငလျင်ကြီးများက ပျမ်းမျှအားဖြင့် ၁၀၄ နှစ်မှ ၁၃၁ နှစ်အတွင်း တစ်ကြိမ်ခန့် ပြန်လည်ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားသည်။
သုတေသနအဖွဲ့၏အဆိုအရ ယခုတွေ့ရှိချက်များသည် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသရှိ ငလျင်အန္တရာယ် ခန့်မှန်းမှုများကို ပိုမိုတိကျစေမည့်အပြင် စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံနိုင်ရည် မြှင့်တင်ရေးလုပ်ငန်းများအတွက်လည်း အရေးပါသည့် သိပ္ပံအထောက်အထားများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့ပေါ်ရှိ လမ်းမကြီးများ ပျက်စီးသွားခဲ့စဉ်။
(Myanmar’s deadliest earthquake results in 500 km rupture and signs of a rare supershear break ကို ဘာသာပြန်ဆိုထားပါသည်။)