မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း Non-CDM ဝန်ထမ်းများ၏ စစ်မှုထမ်းအကျုံး ဝင်စာရင်း ကောက်ယူနေပြီး စစ်မှုထမ်းဆောင်ပါက ရာထူးတိုးရေး အခွင့်အလမ်းရှိမည်ဟု မက်လုံးပေး
ရန်ကုန်၊ ဇူလိုင် ၉
မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းအကျုံး ဝင်သူများအဖြစ် စာရင်းကောက်ယူနေပြီး လတ်တလောတွင် စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသူများကိုသာ ဦးစားပေးခေါ်ယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ သိရသည်။
ယခင် ဇွန်လနှောင်းပိုင်းတွင် နေပြည်တော် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်အရ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားဝန်ထမ်းများ၏ စစ်မှုထမ်းအကျုံးဝင်စာရင်းများကို ပြုစုကာ ပြန်လည်တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။
ထိုသို့ စာရင်းကောက်ယူခြင်းသည် လက်ရှိအချိန်တွင် ဝန်ထမ်းအားလုံးကို စစ်မှုထမ်းစေမည်ဟု မဆိုလိုဘဲ စစ်မှုထမ်းဆောင်လိုကြောင်း ဆန္ဒပြုသူများကိုသာ ပထမအဆင့်အနေဖြင့် ခေါ်ယူသွားမည်ဖြစ် ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။
စစ်မှုထမ်းရန် ဆန္ဒပြုသည့် Non-CDM ဝန်ထမ်းများရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများက လိုအပ်သည့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ စစ်မှုထမ်းဆောင်နေသည့် ကာလအတွင်း မူလတာဝန်များကို ယာယီလွှဲပြောင်းပေးထားရမည်ဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းတာဝန် ပြီးဆုံး၍ မူလဌာနသို့ ပြန်လည်ရောက်ရှိလာပါက ယခင်ရာထူးနှင့် တာဝန်များကို ပြန်လည်ခန့်အပ်ပေးရမည်ဖြစ်ပြီး စစ်မှုထမ်းဆောင်ပြီးသူများကို ရာထူးတိုးမြှင့်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်ကြောင်း သိရှိရသည်။
“လက်ရှိအချိန်မှာတော့ စစ်မှုထမ်းဖို့ ဆန္ဒပြုတဲ့ဝန်ထမ်းတွေကို အရင်ဦးစားပေး ခေါ်ယူသွားမှာဖြစ်ပါတယ်။ စစ်မှုထမ်းအကျုံးဝင်တဲ့ အသက်အရွယ်ရှိတဲ့ ဝန်ထမ်းတွေရဲ့ စာရင်းကိုတော့ ဌာနအားလုံးက ပြုစုပြီး တင်ပြနေရပါတယ်။ စစ်မှုထမ်းပြီး ပြန်လာတဲ့ ဝန်ထမ်းတွေကို မူလရာထူးနဲ့ တာဝန်တွေ ပြန်လည်ပေးအပ်မှာဖြစ်သလို စစ်မှုထမ်းဆောင်ထားတာဟာ နောင်မှာ ရာထူးတိုးရေးအတွက်လည်း အထောက်အကူဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို ဌာနတွေမှာ အသိပေးရှင်းလင်းမှုတွေ လုပ်နေပါတယ်” ဟု နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
ယင်းညွှန်ကြားချက်နှင့်ပတ်သက်၍ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာအချို့တွင်လည်း စစ်မှုထမ်းဆောင်လိုသည့် ဝန်ထမ်းများ၏ အမည်စာရင်းပေးသွင်းရန် ဌာနတွင်း အသိပေးညွှန် ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းသင်တန်းများကို လစဉ်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၇ အထိ ရောက်ရှိနေပြီဖြစ်သည်။
ဓာတ်ပုံ- နေပြည်တော်တွင် ၇၅ နှစ်မြောက် စိန်ရတုနေ့ ပြည်ထောင်စုနေ့ချီတက်ပွဲ တက်ရောက်ခဲ့ကြသည့် Non-CDM ဝန်ထမ်းစစ်ကြောင်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)