နိုင်ငံခြားငွေများ များစွာ သုံးစွဲနေရ၍ စက်သုံးဆီနှင့်စားသုံးဆီ ပြည်ပမှ တင်သွင်းမှုများ ထပ်မံ လျှော့ချဦးမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထပ်မံပြော

နိုင်ငံခြားငွေများ များစွာ သုံးစွဲနေရ၍ စက်သုံးဆီနှင့်စားသုံးဆီ ပြည်ပမှ တင်သွင်းမှုများ ထပ်မံ လျှော့ချဦးမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထပ်မံပြော
ရန်ကုန်၊ ဇူလိုင် ၈
နိုင်ငံခြားငွေများ များစွာ သုံးစွဲနေရ၍ စက်သုံးဆီနှင့်စားသုံးဆီ ပြည်ပမှ တင်သွင်းမှုများ ထပ်မံလျှော့ချဦးမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ထပ်မံပြောဆိုလိုက်သည်။
ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။
မင်းအောင်လှိုင်က စက်သုံးဆီနှင့်စားသုံးဆီများ ပြည်ပမှတင်သွင်းမှုနှင့် သုံးစွဲမှုလျှော့ချနိုင်ရေး နည်းလမ်းများရှာဖွေဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် နှစ်စဉ် စက်သုံးဆီနှင့် စားသုံးဆီများကို ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ အမြောက် အမြား သုံးစွဲနေရကြောင်း၊ ထို့ကြောင့် အဆိုပါ ကုန်ပစ္စည်းများ၏ တင်သွင်းမှုပမာဏကို လျှော့ချနိုင်မည့် နည်းလမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ရှာဖွေအကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောကြားသည်။
လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် ပြည်ပမှတင်သွင်းရန် မလိုအပ်သည့် ကျောက်မီးသွေးကို အသုံးပြုသော ဓာတ်အားပေးစက်ရုံများ တည် ဆောက်နိုင်သကဲ့သို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန် အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် မီးရထားခရီးစဉ်များကို ပိုမိုတိုးချဲ့ပြေးဆွဲလျက်ရှိပြီး ရထားလမ်းများနှင့် မီးရထားများကို အဆင့်မြှင့်တင်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် ဘက်ထရီစနစ်သုံး မီးရထားစက်ခေါင်းများကို ထုတ်လုပ်အသုံးပြုနေပြီး ယင်းနည်းပညာကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ပါက ပြည်ပမှ စက်သုံးဆီတင်သွင်းရမှုကို အတိုင်းအတာတစ်ရပ်အထိ လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။
လတ်တလော စစ်တပ်က စက်သုံးဆီနှင့် စားအုန်းဆီ တင်သွင်းမှုများကို လျှော့ချထားပြီး စက်သုံးဆီကဏ္ဍတွင် စုံ/မစနစ်၊ QR စနစ်များဖြင့် စက်သုံးဆီများကို ထိန်းချုပ်ရောင်းချနေကြောင်း၊ စားအုန်းဆီများကိုလည်း ယခင်လ ဇွန်လမှစတင်၍ လျှော့ချလျက်ရှိပြီး အိမ် ထောင် စုတစ်စုလျှင် ၁ လ စားအုန်းဆီ ၁ ပိဿာကိုသာ စစ်တပ်က သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးတော့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍လည်း မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပြီး အိမ်နီးချင်းနိုင်ငံများတွင် အသား၊ ငါးနှင့် မီးဖိုချောင်သုံးသီးနှံများအပေါ် ဝယ်လိုအားမြင့်မားနေသဖြင့် မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရောင်းချနိုင်သော်လည်း ဒေသအချို့တွင် လုံခြုံရေးအခြေအနေများကြောင့် အပြည့်အဝတင်ပို့နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာဆုံးရှုံးမှုများ ဖြစ်ပေါ်စေရုံသာမက အရည်အသွေးမပြည့်မီသည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းနှင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေကြောင်း၊ တရားမဝင်ရရှိထားသော ငွေကြေးများဖြင့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းကို လက်ခံနိုင်မည်မဟုတ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
ဈေးကွက်အတွင်း ဝိသမလောဘဖြင့် ဆောင်ရွက်နေသူများကို တရားဝင်ကုန်သွယ်ရေးစနစ်ဖြင့် ထိန်းကျောင်းသွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပို့ကုန်တိုးမြှင့်ရန် လိုအပ်ကြောင်း၊ ယင်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကုန် ထုတ်လုပ်မှုတိုးတက်ရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်သလို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပုံမှန်ဖွင့်လှစ်နိုင်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောကြားသည်။