မင်းအောင်လှိုင်ကို ဖမ်းဆီးရေး နိုင်ငံတကာရာဇဝတ်တရားရုံးICC က အလေးအနက်ထား ဆောင် ရွက်ရန် ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း

မင်းအောင်လှိုင်ကို ဖမ်းဆီးရေး နိုင်ငံတကာရာဇဝတ်တရားရုံးICC က အလေးအနက်ထား ဆောင် ရွက်ရန် ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း
ရန်ကုန်၊ ဇူလိုင် ၇

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် တင်သွင်းလျှောက်ထားမှုအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး-ICC က အလေးအနက်ထား ဆောင်ရွက်ရန် ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်းလိုက်သည်။
ဇူလိုင်လ ၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေဖြင့် အကြမ်းဖက်စစ်အုပ်စုခေါင်း ဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် ICC တရားစွဲအရာရှိက တင်သွင်းထားသည့် လျှောက်ထားချက်အပေါ် အလေးအနက်ထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း၊ ပြည်သူများကို အစုလိုက်အပြုံလိုက် ရက်စက်ကြမ်း ကြုတ်သော ရာဇဝတ်မှုများမှ ကာကွယ်စောင့်ရှောက်ရန်မှာ သက်ဆိုင်ရာနိုင်ငံ၏ အဓိကတာဝန်ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံက ယင်းတာဝန်ကို မထမ်းဆောင်နိုင်တော့သည့်အခါ နိုင်ငံတကာအသိုက် အဝန်းက မျက် ကွယ်ပြု၍ မရဘဲ အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း ပြောကြားသည်။
မြန်မာပြည်သူများက ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ပေးရန် နိုင်ငံတကာအသိုက်အဝန်းထံ ရှင်း လင်းပြတ်သားစွာ တောင်းဆိုနေဆဲဖြစ်ကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းပြီးနောက် ပိုင်း အကြမ်းဖက်စစ်အုပ်စုက ဒီမိုကရေစီအဖွဲ့အစည်းများကို ဖျက်ဆီးခဲ့ရုံသာမက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအထိ ဆက်တိုက်ကျူးလွန်နေကြောင်း သူက ထောက်ပြသည်။
စစ်အုပ်စု၏ ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ် စားလှယ်အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများက အကြိမ်ကြိမ် မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စု၏ လက်ချက်ကြောင့် အရပ်သားပြည်သူ ၈,၁၀၀ ကျော် သေဆုံးခဲ့ရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၇ သန်းကျော် ရှိလာကြောင်း၊ ထို့ပြင် ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်မှ ဇွန်လ ၃၀ ရက်အထိ ရက်ပေါင်း ၇၀ အတွင်း လေကြောင်းတိုက်ခိုက်မှု ၁,၁၄၇ ကြိမ်နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အကြိမ် ၂၀ အပါအဝင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာကြောင်းလည်း သူက ဆက်လက်ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ရောမစာချုပ် အပိုဒ် ၁၂(၃) အရ ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ကြေညာထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ICC တရားရုံးအနေဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် ICC တရားစွဲအရာရှိ၏ လျှောက်ထားချက်ကို အလေးအနက်ထား စိစစ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သံအမတ်ကြီးက ထပ်မံတိုက်တွန်းသည်။
NUG နှင့် ဒီမိုကရေစီမဟာမိတ်အင်အားစုများသည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုစနစ် (Transitional Justice) တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း၊ ယင်းကြိုးပမ်းမှုများကို နိုင်ငံတကာအသိုက်အဝန်းက အားပေးကူညီသင့်ကြောင်းလည်း သူကမေတ္တာရပ်ခံသည်။
တစ်ဖက်တွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ ဆက်လက်ကျူးလွန်နေသော ရာဇဝတ်မှုများကို ရပ်တန့်နိုင်ရေးအတွက် ပိုမိုထိရောက်သည့် စုပေါင်းအရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခန်း (၇) အောက်မှ ဆုံးဖြတ်ချက်အသစ်ချမှတ်ကာ စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးသုံးနိုင်သော ပစ္စည်းများနှင့် နည်းပညာများ စီးဆင်းနေမှုကို ရပ်တန့်စေရေး ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာတရားရုံး (ICJ) တွင် ကြားနာနေသည့် The Gambia v. Myanmar အမှု၏ ဆုံးဖြတ်ချက်သည်လည်း စစ်အုပ်စုနှင့် ၎င်း၏ခေါင်းဆောင်များကို နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံစေနိုင်မည့် အရေးကြီးသော အခွင့်အလမ်းတစ်ရပ် ဖြစ်လာသင့်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်း သို့မဟုတ် တိတ်ဆိတ်စွာ ပူးပေါင်းနေခြင်းမျိုး မပြုသင့်တော့ကြောင်း၊ မည်သည့်နိုင်ငံမဆို စစ်အုပ်စုနှင့် မဆင်မခြင် ဆက်ဆံခြင်းအားဖြင့် ၎င်းတို့၏ ရာဇဝတ်မှုများတွင် သွယ်ဝိုက်ပါဝင်ပတ်သက်သကဲ့သို့ ဖြစ်စေနိုင်ကြောင်း သံအမတ်ကြီးက သတိပေးပြောကြားသည်။
မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာနှင့် နိုင်ငံ၏အနာဂတ်ကို ကယ်တင်နိုင်ရေးအတွက် “Responsibility to Protect (R2P)” မူကို အကောင်အထည်ဖော်ရန် နိုင်ငံတကာအသိုက်အဝန်းက အချိန်မဆိုင်းဘဲ ယခုအချိန်တွင် လက်တွေ့လုပ်ဆောင်သင့်ပြီဖြစ် ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံ၌ တိုက်တွန်းပြောဆိုသွားသည်။