တရုတ်နိုင်ငံကို စိတ်လိုက်မာန်ပါ တုံ့ပြန်၍ မရဘဲ ဆက်ဆံရေး ပြန်လည်ထူထောင်ရန် မဟာဗျူဟာမြောက် ချဉ်းကပ်နိုင်ရေး နည်းလမ်းများ ဆွေးနွေးနေဟု NUCC ပြော

တရုတ်နိုင်ငံကို စိတ်လိုက်မာန်ပါ တုံ့ပြန်၍ မရဘဲ ဆက်ဆံရေး ပြန်လည်ထူထောင်ရန် မဟာဗျူဟာမြောက် ချဉ်းကပ်နိုင်ရေး နည်းလမ်းများ ဆွေးနွေးနေဟု NUCC ပြော
ရန်ကုန်၊ ဇူလိုင် ၅
တရုတ်နိုင်ငံကို စိတ်လိုက်မာန်ပါ တုံ့ပြန်၍ မရဘဲ ဆက်ဆံရေး ပြန်လည်ထူထောင်ရန် မဟာဗျူဟာမြောက် ချဉ်းကပ်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးနေကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA) ရေးဆွဲပြီးစီးကြောင်း ရှင်းလင်းတင်ပြသည့် အခမ်း အနားတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုများ၊ တော်လှန်ရေးအင်အားစုများကို အတင်း အကျပ် ဖိအားပေးကာ စစ်ကောင်စီနှင့် ဆွေးနွေးရန် တိုက်တွန်းမှုများ ရှိနေကြောင်း၊ ထို့ကြောင့် တရုတ်အစိုးရနှင့် မဟာဗျူဟာမြောက် ချဉ်းကပ်နိုင်ရေးအတွက် နည်းလမ်းများ ရရှိစေရန် ဆွေးနွေးနေကြောင်း ၎င်းက ပြောကြားသည်။
“မှန်တာပြောရရင် တရုတ်ကို ကျွန်တော်တို့က သင်ခန်းစာပေးချင်တာ၊ ဒါက ဒဲ့ပြောတာ၊ တရုတ်ကို နည်းနည်းဆုံးမလိုက်ချင်တာပေါ့။ ဒါပေမယ့် အဲဒီလို လုပ်လိုက်လို့ မရဘူး။ စိတ်လိုက်မာန်ပါ စဉ်းစားလိုက်ရင် ကျွန်တော်တို့ဘက်က ဆိုးကျိုးပိုများမယ်။ သူ့ကို နားရွက်တံတွေးဆွတ်တဲ့ဟာမျိုး သွားလုပ်လို့ မရဘူး။ အဲဒီလိုမျိုးဆိုရင် သူက စစ်တပ်ဘက်ကို ပုံအောပြီး ရပ်လိုက်တာမျိုး ဖြစ်သွားရင် ကျွန်တော်တို့ပဲ ပိုပြီး အထိနာမယ်။ ဒါက ရှမ်းမြောက်ညီနောင်တွေကနေ ရရှိထားတဲ့ သင်ခန်းစာတစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်။ အကုန်လုံး ဖြတ်တောက်မှုတွေ၊ ပိတ်ဆို့မှုတွေ လုပ်လိုက်တယ်ဆိုရင် ရှမ်းမြောက်မှာရှိတဲ့ တော်လှန်ရေးညီနောင်တွေတင်မကဘူး၊ ရှမ်းမြောက်မှာရှိတဲ့ ဒေသခံပြည်သူတွေပါ ရင်ဆိုင်ရတဲ့ အကျိုးဆက်တွေက တော်တော်ကြီးမားနိုင်တယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့က တရုတ်နဲ့ပတ်သက်ပြီး စဉ်းစားတဲ့အခါ စိတ်လိုက်မာန်ပါ စဉ်းစားတာထက်စာရင် မဟာဗျူဟာမြောက် ချဉ်းကပ်ဖို့ကို စဉ်းစားကြရတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ၂၀၁၅-၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှ ၁၀၂၇ စစ်ဆင်ရေးကာလအထိ တိုက်ရိုက်ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဆက်ဆံရေးမရှိတော့ကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုကို မဖော်ဆောင်နိုင်ကြောင်း တရုတ်အစိုးရခေါင်းဆောင်များ သိရှိလာစေရန် ရှင်းလင်းပြောဆိုသွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မင်းအောင်လှိုင်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုရော၊ ယုံကြည်မှုရော ရထားတဲ့လူ မဟုတ်ဘူး။ နောက်တစ်ခါ တရုတ်က လိုချင်တဲ့ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကိုလည်း အာမခံနိုင်တဲ့ လူမျိုးမဟုတ်ဘူး။ သူရှိနေသရွေ့ နိုင်ငံတွင်းမှာ ဒီလိုပဲ မတည်ငြိမ်မှုတွေ၊ မငြိမ်းချမ်းမှုတွေ ဆက်ဖြစ်နေဦးမယ်။ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ မအေးချမ်းမှုတွေရဲ့ အရင်းအမြစ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ဖြစ်တယ်ဆိုတာကို တရုတ်ဘက် နိုင်ငံရေးအရ လက်ခံလာအောင်၊ နားဝင်လာအောင် တော်တော်လေး ရှင်းပြရမယ်။ ဘာပဲပြောပြော ၂၀၁၅-၂၀၂၀ ကာလအတွင်း အခြေအနေကောင်းတွေ၊ လမ်းစတွေ ရှိခဲ့ရာကနေ အခုလို အခြေအနေတွေ ဖြစ်လာတာဟာ အာဏာသိမ်းမှုကြောင့်ဆိုတာကို သေသေချာချာ ပြောရမယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောကြားသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် တရုတ်ကို ချဉ်းကပ်ကာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများကို နားလည်လာစေရန်နှင့် တော်လှန်ရေးအင်အားစုများအပေါ် ပိုမိုနားလည်ထောက်ခံလာစေရန် စဉ်း စားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
“တရုတ်ကိုယ်တိုင်ကရော ကျွန်တော်တို့ကို ယုံကြည်လက်ခံလာအောင် ကျွန်တော်တို့ဘက်က ဘာပြောမလဲဆိုတာက တစ်ပိုင်းပေါ့။ တရုတ်ကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ ကိုယ်စား ပြောဆိုနိုင်ရမယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို တရုတ်ဘက်က ပိုပြီးနားလည်လာအောင်၊ ပိုပြီး ထောက်ခံလာအောင် ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်တယ်။ အဲဒါကြောင့် တရုတ်ကို မဟာဗျူဟာမြောက် ချဉ်းကပ်နိုင်ရေးနည်းလမ်းတွေကို အမြဲတမ်း ဆွေးနွေးဖြစ်ပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောကြားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာဆက်ဆံရေးတွင် အတက်အကျများရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်က နယ်စပ်လုံခြုံရေး၊ မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို အကာအကွယ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံအရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်လာခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် မင်းအောင်လှိုင် သမ္မတအဖြစ် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း တရုတ်-မြန်မာ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- NLD အစိုးရလက်ထက် တရုတ်သမ္မတ ရှီကျင့်ပင်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့စဉ်။