ရက္ခိုင်-ဧရာဝတီအစပ် ရေကြည်မြို့နယ်ရှိ စစ်တပ်၏ ကာကင်းစခန်းကုန်း ၂ ခုကို AAက ထပ်မံသိမ်းပိုက်၊ ခမရ ၁၀၈ တပ်ရင်းမှ စစ်သားများ ထွက်ပြေးသွားပြီး AA က လိုက်လံချေမှုန်းနေ
ရန်ကုန်၊ ဇူလိုင် ၅




ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရက္ခိုင်ဒေသအစပ်ရှိ စစ်ကောင်စီ၏ အရေးပါသော ကာကင်းစခန်းကုန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က တန်ပြန်ထိုးစစ်ဆင်ကာ ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင် စီဘက်မှ စစ်သားများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးသွားကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် အာရက္ခတပ်တော်က သတင်းထုတ်ပြန်လိုက်သည်။
ဇူလိုင်လ ၂ ရက်နေ့ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပွိင့် ၂၂၇ ကုန်း အနောက်ဘက် ၁ ဒသမ ၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားသော ပထမကာကင်းကုန်းကိုလည်းကောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင် ပွိင့် ၂၂၇ ကုန်းမှ ၁ ကီလိုမီတာခန့်အကွာရှိ ဒုတိယကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) ကိုလည်းကောင်း အကြမ်းဖက်စစ်တပ်၏ ထိုးစစ်များကြားမှ တန်ပြန်တိုက်ခိုက်၍ သိမ်းပိုက်ရယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်သားအလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး အထိအခိုက်အကျအဆုံးများစွာဖြင့် ပွိင့် ၂၂၇ ကုန်းသို့ ထွက်ပြေးနေသည့် တပ်မ ၆၆ လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းမှ ရန်သူများကို AA က ဆက်လက်လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ၃၄၄ အမြောက်တပ်သို ပုသိမ်အခြေစိုက်တပ်ရင်းများမှ ထပ်မံ အင်အားဖြည့်တင်းနေသည့်နည်းတူ လေးမျက်နှာဘက်တွင်လည်း အင်အားဖြည့်တင်းလျက်ရှိကြောင်း၊ ထို့အပြင် ပုသိမ်-မုံရွာလမ်းပိုင်းစိုးမိုးရေးကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းတစ်လျှောက်၌ တပ်ဖြန့်နေရာယူခြင်းတိုကို စစ်အင်အားအများအပြားသုံးကာ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
တိုက်ပွဲနောက်ခံအခြေအနေများအရ စစ်ကောင်စီက အာရက္ခဒေသ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ရက္ခိုင်-ဧရာဝတီအစပ်၌ ကုန်းလမ်း၊ ရေလမ်းတို့မှ နည်းလမ်းမျိုးစုံဖြင့် ထိုးဖောက်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် ပွိင့်ကုန်းများကို ပြန်လည်ရယူနိုင်ရန် မရပ်မနားထိုးစစ်ဆင်နေပြီး၊ အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှနေ့စဉ်ဗုံးကြဲခြင်းနှင့် အသေခံဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုရက်ပိုင်းအတွင်း ရက္ခိုင်-ဧရာဝတီအစပ်၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာရခြင်းမှာ ဇွန်လအတွင်း စစ်ကောင်စီ၏ ထိုးစစ်များကို AA က အကောင်းဆုံးခုခံစစ်၊ တန်ပြန်တိုက်စစ်များဖြင့် ချေမှုန်းကာ အရေးပါသည့် စခန်းကုန်းကြီး ၃ ခုကို သိမ်းပိုက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ အာရက္ခတပ်တော်က ဇွန်လ ၁၇ ရက်နေ့တွင် ပွိုင့် ၂၈၈ ကုန်း၊ ဇွန်လ ၁၉ ရက်နေ့တွင် ပွိုင့် ၁၈၈ ကုန်း၊ ဇွန်လ ၂၁ ရက်နေ့တွင် ပွိုင့် ၁၄၈ ကုန်းတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက်သိမ်းပိုက်ခဲ့ပြီး စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။
တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသတွင်းရှိ စစ်တွေ၊ ကျောက်ဖြူမြို့ပတ်ဝန်းကျင်များသာမက ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်နှင့် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်မြို့အစပ်နေရာများအပါအဝင် အာရက္ခတပ်တော် လှုပ်ရှားရာ နယ်မြေအနှံ့အပြား၌လည်း စစ်ကောင်စီ၏ လူလှိုင်းအသုံးပြုထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။