အာဏာရှင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့၏ ဗေဒင်ယတြာအခါတော်ပေး ဒေါက်တာဖေဉာဏ် ရဟန်းဝတ်စဉ် အသတ်ခံရပြီး သေဆုံး

အာဏာရှင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့၏ ဗေဒင်ယတြာအခါတော်ပေး ဒေါက်တာဖေဉာဏ် ရဟန်းဝတ်စဉ် အသတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၃

အာဏာရှင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့၏ ဗေဒင်ယတြာအခါတော်ပေးအဖြစ် လူသိများသည့် ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသသည် ရဟန်းဝတ်စဉ် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအတွင်း အသတ်ခံရပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့၏ ကြေးနန်းမှတ်တမ်းအရ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းရှိ စန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သီတင်းသုံးနေသည့် ကျောင်း ထိုင်ဆရာတော် ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသ (သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါ) သည် ကျောင်းဆောင်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပန်းရန်လုပ်ငန်းလုပ်ကိုင်နေသည့် အလုပ်သမားနှစ်ဦးက ဆရာတော်အား ဆွမ်းချိုင့်ပို့ရန် သွားရောက်ခေါ်ယူရာ ခေါ်မရသည့်အပြင် ကျောင်းတံခါးများ ပိတ်ထားသဖြင့် ကျောင်းဆောင်ခေါင်းရင်းဘက်ရှိ သော့ချိတ်ထားသည့် တံခါးမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်ကြည့်ရှုရာ ဆရာတော်သည် အိပ်ခန်းနှင့် စာကြည့်ခန်းကြား တံခါးဝတွင် မှောက်လျက်တစ်စောင်းအနေအထားဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းဒါယကာတစ်ဦးအား ဖုန်းဖြင့်အကြောင်းကြားခဲ့ပြီး ယင်းမှတစ်ဆင့် ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးကာ ဆရာတော်၏ ရုပ်အလောင်းကို မှုခင်းဆေးစာဖြင့် မှော်ဘီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဆေးရုံတွင် တာဝန်ကျဆရာဝန်၏ ရင်ခွဲစစ်ဆေးချက်အရ ဆရာတော်မှာ ယာဘက်နံညွန့်ကို ချွန်ထက်သည့်အရာဖြင့် ထိုးသွင်းခံထားရပြီး ယင်းဒဏ်ရာကြောင့် အသည်းထုတ်ချင်းပေါက်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ သို့မဟုတ် ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲကြေးနန်းတွင် ဖော်ပြထားသည်။
ဒေါက်တာဖေဉာဏ်သည် မြန်မာနိုင်ငံတွင် နာမည်ကျော် ဗေဒင်ယတြာအခါတော်ပေးနှင့် နက္ခတ်ပညာရှင်တစ်ဦးဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့၏ ဗေဒင်တွက်ချက်ခြင်း၊ ယတြာနှင့် အခါတော်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သူအဖြစ် လူသိများသည်။
ထို့ပြင် ၎င်းသည် တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ရတစ်ဦးလည်းဖြစ်ပြီး နောက်ပိုင်းတွင် ရဟန်းဝတ်ကာ စန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေစဉ် ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- မြန်မာသံတော်ဆင့်နှင့်ရဲသတင်းရင်းမြစ်။