နေပြည်တော်-ပဲခူးအစပ်နှင့် မွန်-ရန်ကုန်လမ်းပိုင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံမှုများကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ အခက်ကြုံနေရသည့်အပြင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများပါ ကြုံနေရ

နေပြည်တော်-ပဲခူးအစပ်နှင့် မွန်-ရန်ကုန်လမ်းပိုင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံမှုများကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ အခက်ကြုံနေရသည့်အပြင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများပါ ကြုံနေရ
ရန်ကုန်၊ ဇွန် ၃၀
နေပြည်တော်၊ လယ်ဝေးမြို့နယ် သစ်ကြိမ်းအုပ်စု ကြာကန်ကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်များအပါအဝင် မွန်ပြည်နယ်မှ ရန်ကုန်မြို့အထိ ဆက်သွယ်ထားသော အဝေးပြေးလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံမှုများကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူများက ပြောဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ နေပြည်တော်နှင့် ပဲခူးတိုင်း အစပ်အနီးရှိ မက်စ်ဘိလပ်မြေစက်ရုံသို့ သွားလာသည့် လမ်းပိုင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်များက ကုန်တင်ယာဉ်များထံမှ ငွေကြေးအများအပြား တောင်းခံနေသဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပေါ် တိုက်ရိုက်သက်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“နေပြည်တော် လယ်ဝေးမြို့နယ် သစ်ကြိမ်းအုပ် ကြာကန်ကျေးရွာမှာ ရဲတွေက ပြည်သူလူထုကို အနိုင် ကျင့်နေပါတယ်။ ခရီးအသွားအလာနဲ့ သယ်ယူပို့ဆောင်ရေးသမားတွေ အခက်တွေ့နေပါတယ်။ နေပြည်တော်နဲ့ ပဲခူးတိုင်းနဲ့ နယ်စပ်ဖြစ်ပြီး မိန်းလမ်းကနေ မက်စ်ဘိလပ်မြေစက်ရုံအထိ ၇ မိုင်ပဲ ဝေးပါတယ်။ အဲဒီ ၇ မိုင်အတွင်းမှာပဲ ဂိတ်တွေက လုပ်စားနေကြတာပါ။ ဆန်အိတ် ၁၀၀ တင်လာတဲ့ ကုန်တင်ကားတစ်စီးကို ဂိတ်တစ်ဂိတ်တည်းမှာ လမ်းကြေး ၂ သိန်းကျပ် တောင်းခံနေပါတယ်။ ရေနီနဲ့ မက်စ်ဘိလပ်မြေစက်ရုံကြားမှာ ဂိတ်သုံးဂိတ်ရှိတယ်။ ဂိတ်တိုင်းက​ ငွေကို သိန်းချီ တောင်းနေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ မွန်ပြည်နယ်မှ ရန်ကုန်မြို့အထိ လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ခရီး သည်များနှင့် ယာဉ်မောင်းများထံမှ အကြောင်းပြချက်မရှင်းလင်းသည့် ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟု ခရီးသွားပြည်သူများက ပြောဆိုကြသည်။
“သံဖြူဇရပ်-ရန်ကုန် လိုင်းကားခက ၄၅,၀၀၀ ကျပ်ပဲ ရှိပါတယ်။ ဒါပေမယ့် လူတွေက မသွားရဲကြတော့ဘူး။ Probox အငှားကားကို ၉၀,၀၀၀ ကျပ်ပေးပြီး သွားနေကြရတယ်။ လမ်းမှာ ဂိတ်ကြေး ဘယ်လောက်ပေးရမလဲဆိုတာ မခန့်မှန်းနိုင်လို့ပါ” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်တပ်က လမ်းတလျှောက် စစ်ဆေးရေးဂိတ်များ ချထားပြီး လူတစ်ဦးလျှင်ငွေကျပ် ထောင်ဂဏန်းမှ သေင်းချီ တောင်းယူကြကြောင်း၊ စစ်တပ် စစ်ဆေးရေးဂိတ်များဖြတ်သန်းတိုင်း ငွေကြေးပေးဆောင်နေရကြောင်း သိရှိရသည်။
“မှတ်ပုံတင်စစ်ရင်းနဲ့ ခရီးသည်တစ်ဦးကို ၃,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်အထိ စစ်ဆေးရေးဂိတ်တွေမှာ ပေးရတယ်။ ထောက်ခံစာနဲ့လာတဲ့ ကန့်သတ်မှတ်ပုံတင်တွေဆိုရင် ၅,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်အထိ ပေးရတယ်လို့ ပြောကြတယ်။ ဘာအတွက်ပေးရတာလဲဆိုတာ မသိရဘူး။ တကယ်လို့ တရားဝင်ကောက်ခံတာဆိုရင် တရားဝင်စာထုတ်ပြီး ပြေစာနဲ့ ကောက်ခံသင့်ပါတယ်။ ဥပမာ ဒေသဖွံ့ဖြိုးရေး၊ လမ်းနဲ့တံတားပြုပြင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကောက်ခံတာမျိုး ဖြစ်သင့်ပါတယ်။ အခုလို ဘာအကြောင်းပြချက်မှ မရှိဘဲ ငွေတောင်းနေတာက ဓားပြတိုက်တာနဲ့ မခြားတော့ပါဘူး” ဟု ခရီးသည်တစ်ဦးက ရှင်းလင်းပြောဆိုသည်။
ပြည်သူများ၏ အဆိုအရ လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးပေးဆောင်ရမှုများသည် ကုန်စည်သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို မြင့်တက်စေပြီး နောက်ဆုံးတွင် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာစေသည့် အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း သိရသည်။​ေ​ြ
“ဒီလိုကိစ္စတွေကို ပြည်နယ်နဲ့ မဲဆန္ဒနယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ မသိကြတာလား၊ မသိချင်ယောင်ဆောင်နေတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အကြောင်းပြချက်မရှိဘဲ ဂိတ်တိုင်းမှာ ငွေတောင်းနေတာဟာ လမ်းဘေးမှာ ခွက်ခေါက်တောင်းတာထက် တစ်ဆင့်သာတဲ့ တရား ဝင် ခွက်ခေါက်သူတောင်းစားတွေလို ဖြစ်နေပါတယ်။ သူတို့ကတော့ လက်နက်နဲ့ အနိုင်ကျင့်တောင်းနေတာ။ မပေးလို့လည်းမရဘူး။ မပေးရင်လည်း ပစ်သတ်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန်ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးစစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားခဲ့ပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များမှာ စစ်ဆေးရေးဂိတ်အများအပြားကို ဖြတ်သန်းသွားလာနေရသည်။
ယင်းစစ်ဆေးရေးဂိတ်အချို့တွင် ငွေကြေးတောင်းခံမှုများ၊ မလိုအပ်ဘဲ ကြန့်ကြာစေမှုများ ရှိသည်ဟု ဒေသအသီးသီးမှ ပြည်သူများက အကြိမ်ကြိမ် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိဘဲ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းမှုများ ဆက်လက် အကြီးအကျယ် ဖြစ်ပေါ် နေဆဲဖြစ်သည်။
လက်ရှိတွင် ဒေသပြည်သူများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များက လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံနေမှုများအပေါ် တိုင်ကြားထားသော်လည်း မည်သည့် အရေးယူမှ မရှိကြောင်း သိရှိရသည်။