ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ပေးလိုက်ပြီး စစ်ဗိုလ်ချုပ်တချို့ကိုလည်း ဒုဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေး၊ တပ်ချုပ်သစ် ရဲဝင်းဦးမှာ မည်သည့် လုပ်ပိုင်ခွင့်မှမရှိဘဲ မင်းအောင်လှိုင်အမိန့်အတိုင်းသာ စစ်တပ်ကို ဦးစီးနေရ
ရန်ကုန်၊ ဇွန် ၂၇
တပ်ချုပ်ရာထူး စွန့်လွှတ်ထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်ပြီး အခြားစစ်ဗိုလ်ချုပ်တချို့ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး တိုးမြှင့်ပေးလိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်နှင့် တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
စစ်ကောင်စီ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်ခံထားရသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ စစ်တပ်အတွင်း ရာထူးတိုးမြှင့်ခန့်အပ်မှုများကိုပင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ မင်းအောင်လှိုင်၏ အမိန့်နှင့် သဘောတူညီချက်အတိုင်းသာ ဆောင်ရွက်နေရရာမှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ပေးခဲ့ပြီး စစ်ဗိုလ်ချုပ်တချို့ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးလာရခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးမြှင့်ပေးခဲ့ရပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်းတို့ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခဲ့ရကြောင်း သိရှိရသည်။
ယင်းသို့ ရာထူးတိုးမြှင့်မှုများ ပြုလုပ်ခဲ့သော်လည်း တပ်ချုပ်အသစ် ရဲဝင်းဦးသည် ဗိုလ်ချုပ်မှူးကြီးရာထူးသို့ တိုးမြှင့်ခံရခြင်းမရှိသေးသည့်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအဖြစ် ရှိသင့်သည့် အဆောင်အယောင်များနှင့် လုပ်ပိုင်ခွင့်အပြည့်အဝကိုလည်း မရရှိသေးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
“ရဲဝင်းဦးက တပ်ချုပ်ဖြစ်နေပေမယ့် ဗိုလ်ချုပ်မှူးကြီးအပွင့် မတင်ရသေးဘူး။ ဓာတ်ပုံတောင် မရိုက်ရသေးဘူး။ အရင်တပ်ချုပ်တွေနဲ့ ယှဉ်ရင် တပ်ချုပ်ဆိုတဲ့ အဆောင်အယောင် ဘာမှ မရှိသေးဘူး။ အခုဆို ဒုတပ်ချုပ်ကလည်း ဗိုလ်ချုပ်ကြီး၊ ရာပြည့်လည်း ဗိုလ်ချုပ်ကြီးဖြစ်သွားပြီဆိုတော့ ကြည်းတပ်မှာ ဗိုလ် ချုပ်ကြီး သုံးယောက်ရှိနေပြီ။ ရဲဝင်းဦးကတော့ တပ်ချုပ်ဖြစ်သွားတာကလွဲရင် အရင် စရဖချုပ်ဘဝနဲ့ သိပ်မကွာဘူး။ ဒါကြောင့် အောက်ကလူတွေကို အရင်ရာထူးတိုးပေးပြီး သူ့ကိုလည်း နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးအဖြစ် တိုးပေးဖို့ လမ်းခင်းနေတဲ့ပုံစံလို့ မြင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
လက်ရှိအချိန်တွင် စစ်တပ်အတွင်း အရေးကြီးသည့် ရာထူးတိုးမြှင့်မှုများနှင့် မူဝါဒဆိုင်ရာ ဆုံးဖြတ် ချက်များကို ရဲဝင်းဦးက လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ မင်းအောင်လှိုင်၏ ညွှန်ကြားချက်နှင့် သဘောတူညီချက်အတိုင်းသာ အကောင်အထည်ဖော်နေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
တပ်ချုပ် ရဲဝင်းဦးက ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ပေးလိုက်သည့် ရာပြည့်သည် NCA လမ်းစဉ် ပြန်လည်အသက်သွင်းရေးအတွက် ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ အတွင်းရေးမှူး၊ လုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် ညှိနှိုင်းရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်သည်။
CDM ဗိုလ်ကြီး ဇင်ယော်က ရာပြည့်ကို ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် စစ်တပ်ဘက်မှ ကိုယ်စားပြုဆွေးနွေးရာ၌ ပိုမိုအလေးထားသည့်သဘော သက်ရောက်စေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
“ရာပြည့်က အရန်အင်အားရောက်ပြီးမှ ဗိုလ်ချုပ်ကြီးအထိ ရာထူးတိုးခံရတာက ရှားပါတယ်။ အခုလို လေးပွင့်အဆင့် တိုးပေးလိုက်တာက တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ ပိုပြီး အဆင်ပြေအောင်၊ တစ်ဖက်အဖွဲ့တွေကို အလေးထားတဲ့ပုံစံ ပြချင်တဲ့သဘောလို့ ယူဆရတယ်” ဟု ၎င်းက ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် မတ်လ ၃၀ ရက်နေ့ တပ်ချုပ်ရာထူးကို အကြမ်းဖက်ရဲဝင်းဦးထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။