ရခိုင်ပြည် ဂွမြို့နှင့် မောင်တောမြို့တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူများ ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး

ရခိုင်ပြည် ဂွမြို့နှင့် မောင်တောမြို့တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူများ ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး
ရန်ကုန်၊ ဇွန် ၂၄

ရခိုင်ပြည်နယ်အတွင်းရှိ ဂွမြို့နှင့် မောင်တောမြို့တို့ကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားကြောင်း Arakan Princess Media (APM)၏ သတင်းဖော်ပြချက်နှင့် ဒေသခံပြည်သူများ၏ ပြောဆိုချက်များအရ သိရှိရသည်။
ဇွန်လ ၂၃ ရက်နေ့ ညပိုင်း ရခိုင်ပြည်၊ ဂွမြို့နယ်သို့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေ ကြောင်း တိုက်ခိုက်မှု ၂ ကြိမ်တိုင်တိုင် ထပ်မံပြုလုပ်ခဲ့သဖြင့် ဒေသခံအရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသွားသူများမှာ ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာမှ ဒေါ်လှကေသီ (၅၅ နှစ်)၊ မနှောင်းသဇင်ထွေး (၁၉ နှစ်)၊ ဦးချစ်ဆွေ (၅၂ နှစ်) နှင့် ဦးကျော်ဝင်း (၆၀ နှစ်) တို့ ဖြစ်ကြကြောင်း APM ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ဒေသခံများ၏ ပြောပြချက်အရ အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးသည် ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီ ၁၈ မိနစ်အချိန်ခန့်တွင် တစ်ကြိမ်၊ ည ၁၀ နာရီ ၂၇ မိနစ်အချိန်ခန့်တွင် တစ်ကြိမ် ကံ့ကော်တောင်ကျေးရွာသို့ ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုသည် ကံ့ကော်တောင်ရွာရှိ ခရစ်ယာန်ဘုရားကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်လှကေသီနှင့် မနှောင်းသဇင်ထွေးတို့တွင် ဒဏ်ရာရရှိခဲ့ကာ၊ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ကံ့ကော်တောင်ရွာ စာသင်ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဦးချစ်ဆွေနှင့် ဦးကျော်ဝင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံးနှင့် လူနာတင်ယာဉ်တစ်စီး ပျက်စီးသွားခဲ့ပြီး နွား ၂ ကောင်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်တွင်လည်း အကြမ်းဖက်မြန်မာလေတပ်က မောင်တောမြို့ပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က မောင်တောမြို့ပေါ်ရှိ ရှင်မြဝါကျွန်းအနောက်ဘက်ကွင်း ယခင် နယ်စပ်လူငယ်ဖွံ့ဖြိုးရေးကျောင်း (နတလ) ကျောင်းဟောင်းကို ဗုံး ၁ လုံးနှင့် ရပ်ကွက် ၅ အမှိုက်ပုံအနီးသို့ ဗုံး ၁ လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး၊ ရှင်မြဝါကျွန်းအနောက်ဘက်ကွင်းရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်သည့် နေအိမ် ၁၀ လုံးကျော်ခန့် ပျက်စီးသွားကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေသော အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသဖြင့် AA က ပြည်သူများ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို သတိထားကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- APM