တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်စိုးမိုးထားသော တရုတ်-မြန်မာနယ်စပ်ဒေသစီမံခန့်ခွဲရေးနှင့်နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာစစ်တပ်နှင့်သာသက်ဆိုင်ပြီး အခြားမည်သည့်အဖွဲ့အစည်းကမှ ဝင်ရောက် လုပ်ခွင့်မရှိဟု အကြမ်းဖက် မင်းအောင်လှိုင် ထုတ်ပြော
ရန်ကုန်၊ ဇွန် ၂၃
တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်စိုးမိုးထားသော တရုတ်-မြန်မာနယ်စပ်ဒေသစီမံခန့်ခွဲရေးနှင့်ကုန်သွယ်ရေးမှာ စစ်တပ်နှင့်သာသက်ဆိုင်ပြီး အခြားမည်သည့်အဖွဲ့အစည်းကမှ ဝင်ရောက်လုပ်ခွင့်မရှိကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ် Phoenix သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် တရုတ်-မြန်မာ နယ်စပ်ဒေသစီမံခန့်ခွဲမှုသည် အစိုးရ (စစ်တပ်) နှင့်သာ သက် ဆိုင်ပြီး အခြားမည်သည့်အဖွဲ့အစည်းကမျှ ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
မင်းအောင်လှိုင်က လက်ရှိအချိန်တွင် နယ်စပ်ဒေသလုံခြုံရေးနှင့် အေးချမ်းရေး အားနည်းနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပြီး၊ ယင်းမှာ နှစ်ဖက်အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စသာ ဖြစ်ကြောင်း ပြောဆိုသည်။
“နယ်စပ်ဒေသစီမံခန့်ခွဲမှုက အစိုးရနဲ့ပဲ ဆိုင်ပါတယ်။ အစိုးရကပဲ လုပ်လို့ရတယ်။ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့ မရပါဘူး” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။
တရုတ်-မြန်မာ နယ်စပ်ဒေသစီမံခန့်ခွဲရေးသာမက နယ်စပ်ဒေသကုန်သွယ်ရေးကိစ္စနှင့် နှစ်နိုင်ငံ ဖြတ်ကျော်ကုန်သွယ်မှု (Cross Border Trade) များနှင့် ပတ်သက်၍လည်း အစိုးရကသာ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဖြစ်ပျက်နေသည့် ပြဿနာများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဟု သူက ပြောဆိုသည်။
နယ်စပ်ဒေသများတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု လုံခြုံရေးနှင့်ပတ်သက်၍ ယခင်က အခက်အခဲများ ရှိခဲ့သော်လည်း ယခုအခါ အတော်လေး ကျော်လွှားနိုင်ခဲ့ပြီဖြစ်၍ အခြေအနေ ပြန်လည်ကောင်းမွန်လာကြောင်း၊ လက်ရှိတွင်လည်း လုံခြုံရေးအကာအကွယ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက လုပ်ဆောင်ပေးနေကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသရှိ အချို့ကိစ္စရပ်များသည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများကြောင့် ဖြစ်လာသည့် ပြဿနာများဖြစ်ပြီး ယင်းတို့ကို ဥပဒေနှင့်အညီ လွှတ်တော်တွင် ဖြေရှင်းရမည်ဟု သူက ဆက်ပြောသည်။
ထို့အပြင် နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားမှု (ကျားဖြန့်) ပြဿနာများကို တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းလျက်ရှိပြီး၊ ပြစ်မှုကျူးလွန်သူများကိုလည်း တရုတ်နိုင်ငံဘက်သို့ အကုန်လွှဲ ပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၊ နယ်စပ်ဒေသ Cross Border ကိစ္စများတွင် ဥပဒေချိုးဖောက်မည့် လုပ်ငန်းများ မလာရဲအောင် နှစ်ဖက်စလုံးက ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး၊ ပြည်တွင်းလုံခြုံရေးအတွက် စစ်တပ် တာဝန်ယူလုပ်ဆောင်ပေးနေကြောင်း၊တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်၍ နှစ်ဖက်ပူးပေါင်းလုပ်ဆောင်မည့် အဖွဲ့အစည်းများကိုလည်း ခွင့်ပြုပေးထားကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
လတ်တလော တရုတ်-မြန်မာနယ်စပ်ဒေသများကို ကိုးကန့် MNDAA ၊ ကချင်KIA ၊ ၀ တပ်ဖွဲ့ UWSA ၊ မိုင်းလား NDAA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်များက ကြီးစိုးထိန်းချုပ်ထားကာ နယ်စပ်ဂိတ်နှင့်လုံခြုံရေးဂိတ်များကိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။