ပုံမှန်မဟုတ်သည့် ငလျင်များနှင့် နောက်ဆက်တွဲ လှုပ်ခတ်မှုများကြောင့် ရန်ကုန်ရှိ အဆောက်အအုံများကို စစ်ဆေးမှုတိုးမြှင့်လုပ်ဆောင်ရန် ပညာရှင်များ သတိပေး
ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် လများအတွင်း ပုံမှန်မဟုတ်သည့် ငလျင်များနှင့် နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုနှင့် ဘေးအန္တရာယ်ခံနိုင်ရည်ကို စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ရန် မြန်မာနိုင်ငံငလျင်ကော်မတီက သက်ဆိုင်ရာအာဏာပိုင်များကို သတိပေးတိုက်တွန်းလိုက်ကြောင်း စင်ကာပူအခြေစိုက် Channel News Asia က သတင်းဖော်ပြသည်။
မြန်မာနိုင်ငံငလျင်ကော်မတီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) နှင့် ပူးပေါင်း၍ စမ်းသပ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် အဆိုပြုထားပြီး ယင်းစီမံကိန်း၏ ရည်ရွယ်ချက်မှာ အဆောက်အအုံများ၏ တည်ဆောက်ပုံကြံ့ခိုင်မှုကို အကဲဖြတ်ရန်နှင့် မြို့တော်၏ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်စွမ်းကို မြှင့်တင်ရန်ဖြစ်ကြောင်း သိရသည်။
မေလ ၁၈ ရက်နေ့ ရန်ကုန်မြို့တွင် အင်အား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယင်းနောက် တစ်ရက်အတွင်း နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ရာ ပညာရှင်များက ယင်းဖြစ်စဉ်ကို ရန်ကုန်အတွက် ပုံမှန်မဟုတ်သည့် ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံငလျင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က စမ်းသပ်စီမံကိန်းအဖြစ် လမ်းတစ်လမ်း သို့မဟုတ် ရပ်ကွက်တစ်ခုလုံးရှိ အဆောက်အအုံများကို မျက်မြင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များကို တာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“ဒီစမ်းသပ်လေ့လာမှုရဲ့ လက်တွေ့အသုံးဝင်မှုကို အကြီးတန်းတာဝန်ရှိသူတွေ နားလည်လာတာနဲ့ မြို့နယ်နဲ့ ခရိုင်အလိုက် စနစ်တကျ တိုးချဲ့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဦးစောထွေးဇော်၏ ပြောကြားချက်အရ ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံအများစုမှာ ဘေးကင်းရေးစံနှုန်းများနှင့်အညီ ဆောက်လုပ်ထားကြသော်လည်း အဆောက်အအုံဟောင်းများနှင့် အထပ်နိမ့်၊ အရွယ်အစားသေးငယ်သည့် အဆောက်အအုံများတွင် စိုးရိမ်စရာ အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ယခင်က စစ်ဆေးရေးအင်အားနှင့် နည်းပညာပိုင်း ကန့်သတ်ချက်များကြောင့် ၈ ထပ်၊ ၉ ထပ်နှင့်အထက် အဆောက်အအုံများကိုသာ မဖြစ်မနေ စစ်ဆေးခဲ့ရပြီး အထပ်နိမ့်အဆောက်အအုံများစွာမှာ စနစ်တကျ စစ်ဆေးမှုမရှိဘဲ ကျန်ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် အဆောက်အအုံဟောင်းအများစုမှာ တရားဝင် စစ်ဆေးရေးလုပ်ငန်းစဉ်များ မရှိသေးမီကာလက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်ရည်ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် YCDC အနေဖြင့် ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ပြည်သူများ အသုံးပြုသည့် ဈေးများအပါအဝင် လက်ရှိအသုံးပြုနေသော အဆောက်အအုံများကို ဦးစားပေး စစ်ဆေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ငလျင်ကော်မတီက အဆောက်အအုံစစ်ဆေးမှုကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်တွင် အဆောက်အအုံ၏ သက်တမ်း၊ တည်ဆောက်ပုံနှင့် ကြံ့ခိုင်မှုအခြေအနေကို မျက်မြင်စစ်ဆေးမည်ဖြစ်သည်။
ဒုတိယအဆင့်တွင် ထိခိုက်ပျက်စီးမှုလက္ခဏာများ တွေ့ရှိပါက အသေးစိတ်စစ်ဆေးမှုများ ဆက်လက်လုပ် ဆောင်မည်ဖြစ်ပြီး တတိယအဆင့်တွင် အန္တရာယ်ရှိသည့် အဆောက်အအုံများအတွက် အင်ဂျင်နီယာဆိုင်ရာ တွက်ချက်မှုများ ပြုလုပ်ကာ ပြုပြင်အားဖြည့်ရမည့် အချက်များကို သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန်လအတွင်း ရန်ကုန်မြို့၏ နေရာအချို့တွင် ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နေခြင်းကြောင့် ပြည်သူများအကြား စိုးရိမ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ယုဇနအိမ်ရာတွင် နေထိုင်သူတစ်ဦးက အဆောက်အအုံများတွင် အက်ကွဲကြောင်းများနှင့် အသေးစားပျက်စီးမှုများ တွေ့ရှိရကြောင်း ပြောကြားပြီး အန္တရာယ်ရှိနိုင်သည်ကို သိရှိကြသော်လည်း စီးပွားရေးအခက်အခဲများကြောင့် နေအိမ်များကို စွန့်ခွာပြောင်းရွှေ့ရန် မတတ်နိုင်ကြောင်း ပြောဆိုသည်။
“မြန်မာပြည်သူအများစုရဲ့ လက်တွေ့ဘဝက ဆင်းရဲနွမ်းပါးမှုနဲ့ ရင်ဆိုင်နေရတာပါ။ တချို့မိသားစုတွေဆို ပလတ်စတစ်အိတ်တွေ၊ ယက်အိတ်တွေနဲ့ ဖာထေးထားတဲ့ အိမ်တွေမှာ နေထိုင်နေရပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သည့် အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့ပြီး အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ ယင်းနောက်ပိုင်း မြန်မာနိုင်ငံ၏ ဒေသအများအပြားတွင် ငလျင်လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က မန္တလေးငလျင်ဘေးအန္တရာယ်မှ ရရှိခဲ့သည့် အတွေ့အကြုံများသည် ရန်ကုန်မြို့အတွက် အရေးကြီးသည့် သင်ခန်းစာများဖြစ်ကြောင်း ပြောကြားသည်။
“မန္တလေးမှာ ဘာတွေမှားခဲ့တယ်ဆိုတာ သိထားတဲ့အတွက် ရန်ကုန်မှာ လိုအပ်တဲ့ စက်ယန္တရားကြီးတွေရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုကွန်ရက်တွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ငလျင်ကဲ့သို့ အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများနှင့် ကယ်ဆယ် ရေးအရင်းအမြစ်များကို စာရင်းပြုစုထားပြီး အချိန်မီ စုစည်းအသုံးပြုနိုင်ရန် စီမံထားကြောင်းလည်း ပြောကြားသည်။
တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစွမ်းရည် မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့တွင် အရေးပေါ်စစ်ဆင်ရေးဗဟိုဌာန (Emergency Operations Centre) တစ်ခု တည်ထောင်ထားကြောင်း သိရသည်။