ဆိပ်ဖြူမှာ ကပစ-၂၁နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်း တိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် စစ်သား ၁၀ ဦး​သေ

ဆိပ်ဖြူမှာ ကပစ-၂၁နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်း တိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် စစ်သား ၁၀ ဦး​သေ
ဇွန် -၁၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)နဲ့လေကြောင်းရန်ကာကွယ်ရေးတပ်(၃၀၃၆)မှ ဗိုလ်ကြီး ဖြိုးသူရအောင်ဦးဆောင်တဲ့ ယာဉ်တန်းတိုက်ခံရပြီး ဗိုလ်ကြီးအပါအ၀င် ၁၀ ဦးသေဆုံးတယ်လို့​တော်လှန်​ရေးအဖွဲ့​တွေကထုတ်ပြန်ပါတယ်။
ဇွန် ၁၆ ရက်ညနေပိုင်းက ဆိပ်ဖြူမြို့ပေါ်က ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်ပါတဲ့ ၆ ဘီးကား ၁စီးနဲ့ ဗိုလ်ကြီး ၁ဦး လိုက်ပါလာတဲ့ အိမ်စီးကားကို ဆိပ်ဖြူမြို့အထွက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကပစ(၂၁)နဲ့ အမှတ်(၉)လေကြောင်းရန်တပ်က ပူးပေါင်းပြီး ထွက်လာတာကို ကြားဖြတ်တိုက်တာ “လို့ ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာ၀န်ရှိသူ ကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။
တိုက်ခိုက်မှုမှာ ဗိုလ်ကြီး ဖြိုးသူရအောင်နဲ့ အခြားဗိုလ်တစ်ဦး အပါအဝင် စစ်သား၁၀ ဦးကိုရှင်းလင်းနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း MA1 ၅လက်၊ MA2 ၁လက်၊ MA3 ၁လက်၊ MA5 ပစ္စတို ၁လက်၊ ကျည်အိမ် ၁၈ခု၊ ၅.၅၆ ကျည် ၂၄၀တောင့်၊ လက်ပစ်ဗုံး ၂လုံး နဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)၊ ဆိပ်ဖြူမြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့
(NSP)၊ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း (မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး)MVRF ကထုတ်ပြန်ပါတယ်။
အဆိုပါစစ်ဆင်​ရေးမှာ စစ်တပ်ထံမှ အကြောင်းအမျိုးမျိုးကြောင့် အလင်းဝင်နိုင်ခြင်းမရှိ​သေး​ပေမယ့် မိမိတို့အား သတင်းကြိုတင်ပေးပို့သော တပ်တွင်းဖရဲသီးကိုလည်းထိုက်ထိုက်တန်တန်ဆုချီမြှင့်သွားမယ်လို့ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းကအသိ​ပေးပါတယ်။
စစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား​တွေအနေနဲ့လည်း စစ်အာဏာရှင်အတွက်လုပ်မ​ပေးပဲ ပြည်သူနှင့်အတူ စစ်အာဏာရှင်ကိုပြန်လည်ဆန့်ကျင်တိုက်ခိုက်ဖို့ ပြည်သူလူထုထံအလင်းဝင်ပူပေါင်းရန် လည်းတိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့အားဂုဏ်ပြုတဲ့အ​နေနဲ့စစ်ဆင်​ရေးလုပ်ခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုအနေနဲ့ စစ်​တပ်ရဲ့ထိုးစစ်ကာလမှာ ​တော်လှန်​ရေးတပ်ဖွဲ့​တွေနဲ့အတူ ရေနှင့်ငါးပမာတသားတည်းရပ်တည်၍ စစ်​အာဏာရှင်အား အတူတကွအမြစ်ပြတ်ချေမှုန်းရန်လည်း တိုက်တွန်းအပ်ပါတယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းကထုတ်ပြန်ပါတယ်။
“မနေ့က ခံလိုက်ရတော့ ဒီနေ့ မြို့အနီးနားတဝိုက်ကို ၀င်မွှေနေကြတယ်။အင်အား ၂၀၀ လောက်ရှိတယ်”လို့ ဆိပ်ဖြူမြို့နယ်တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )က လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။
အခု ဇွန်လဆန်းပိုင်းကစပြီး စစ်တပ်က တပ်မ (၅၅၊၈၈၊၉၉)နဲ့ (၁၀၁) ၄ခုအထိသုံးပြီး ဆိပ်ဖြူမြို့နယ် ကပစ(၂၂)စက်ရုံကို အင်အားဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အဲဒီအင်အား ၁,၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ပေါက်မြို့နယ်နဲ့ ဆောမြို့နယ် တွေကို ဖြန့်ခွဲရောက်ရှိနေပြီး တချို့က ဆိပ်ဖြူမြို့နယ်ထဲမှာပဲ ရှိသေးတယ်လို့ သိရပါတယ်။