ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံမည့်အစီအစဉ် လတ်တလော မသိရသေးဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြော

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံမည့်အစီအစဉ် လတ်တလော မသိရသေးဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြော
ရန်ကုန်၊ ဇွန် ၁၄
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို (Ma. Theresa Lazaro) က တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံရန် ရှိနေသော်လည်း လတ်တလော အဆိုပါအစီအစဉ်ကို အတိ အကျ မသိရသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြား လိုက်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင် EAOs တပ်များနှင့် မကြာမီ ထိတွေ့ဆက်ဆံမည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း လတ်တလော ဖိတ်ကြားမှု မရှိသေးဘဲ အတိ အကျ မသိရသေးကြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ- SCEF အထွေထွေအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလာခြင်းဖြစ်သည်။
“ဖိလစ်ပိုင်မှာက ကျမတို့ ဒီဘက်နှစ်ထဲမှာ Stakeholders Engagement Meeting ပေါ့နော်၊ ကျမတို့ NUG ရော တချို့တိုင်းရင်းသားအဖွဲ့တွေနဲ့ရော တွေ့ဆုံတာတော့ တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဒီနှစ်ထဲမှာပေါ့၊ နောက်ထပ်လည်း ဘယ်လိုတွေ့မလဲတော့ မသိဘူး။ ကျမတို့ကိုလည်း အခုချိန်အထိတော့ ဖိတ် ခေါ်တာ၊ ဖိတ်ကြားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒါက အခုမှတော့မဟုတ်ဘူး။ ဒါက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တွေရဲ့ တာဝန်အရပေါ့၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ရော၊ NUG နဲ့ရော အခြား Stakeholders တွေနဲ့ပါ တွေ့ဆုံတာကတော့ ဖိလစ်ပိုင်မှာတော့ တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဒါကလည်း အာဆီယံဥက္ကဌရဲ့ လုပ်ငန်းတာဝန်လည်းဖြစ်တာကိုး။”ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။
တစ်ပြိုင်နက်တည်းမှာပင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) များနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမည့်အပေါ် အာဆီယံလူ့အခွင့်အရေးပါလီမန်အမတ်များအဖွဲ့ (APHR) က ဇွန်လ ၁၀ ရက်နေ့တွင် ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။
ယင်းအစီအစဉ်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) အောက်တွင် အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုဆီသို့ ဦးတည်သည့် အဓိပ္ပာယ်ရှိသော ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း APHR က ရှုမြင်သည်။
အင်ဒိုနီးရှားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် APHR ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းစ် (Mercy Chriesty Barends) က “အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ့တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတာဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို နှစ်ရှည်လများ ထိခိုက်စေခဲ့တဲ့ စစ်ကောင်စီကိုပဲ ဗဟိုပြုတဲ့ ဆက်ဆံရေးကနေ ခွဲထွက်လိုက်တာ ဖြစ်ပါတယ်” ဟု ထောက်ပြထားသည်။
ထို့အပြင် မည်သည့်ဆွေးနွေးမှုကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် ထိခိုက်ခံစားရသည့် အရပ်ဘက်လူထု အပါအဝင် တရားဝင်သက်ဆိုင်သူအားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန်၊ စစ်ကောင်စီ၏ တရားဝင်မှုအတုအယောင် ဖန်တီးပေးမည့် လုပ်ငန်းစဉ်များတွင် အာဆီယံအနေဖြင့် အသုံးချမခံရန်လည်း APHR က တိုက်တွန်းတောင်းဆိုထားသည်။