၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်ကြိုးပမ်းမည်ဟု အာဏာရှင် သမ္မတ ပြော

၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်ကြိုးပမ်းမည်ဟု အာဏာရှင် သမ္မတ ပြော
ဧရာဝတီ ၊ ဇွန် ၁၃ ၊ ၂၀၂၆
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများမှ အထူးကိုယ်စားလှယ်များနှင့် နိုင်ငံခြားရေးဝန်ကြီးများ တရားဝင် ခရီးစဉ်လာရောက်ခြင်းသည် နိုင်ငံ၏ နိုပြောင်းလဲ တိုးတက်မှုများအပေါ် အပြည့်အဝနားလည်ပြီး မြန်မာနှင့် အာဆီယံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဖော်ဆောင်နိုင်ရေး လာရောက်ခြင်းဖြစ်သောကြောင့် ၅ နှစ်အတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင်က လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့စဉ် ပြောသည်။
လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHO-MVIHANE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း ၎င်းတို့အစိုးရအပေါ် ထောက်ခံမဲပေးခဲ့ကြသည့် ပြည်သူ့ ဆန္ဒနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို မျက်ကွယ်မပြုကြရန်၊ ၎င်းစတင်တာဝန်ယူစဉ်ကတည်းကပင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း ဦးမင်းအောင်လှိုင်က ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် နိုင်ငံခြားအထူးသံတမန်များနှင့်တွေ့ဆုံချိန်တိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း ပြောနေသော်လည်း ၎င်းတို့အစိုးရအဖွဲ့တက်လာပြီးနောက် နိုင်ငံအနှံ့ထိုးစစ်ဆင်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လျက်ရှိသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုနှင့် နိုင်ငံ၏ပြောင်းလဲမှုတို့မှာ တိုးတက်ကောင်းမွန်ခြင်း မရှိသော်လည်း တရုတ် ၊ အိန္ဒိယကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အာဆီယံဒေသတွင်းနိုင်ငံများက အာဏာရှင်အစိုးရနှင့် ပိုမိုထိတွေ့ဆက်ဆံနေပြီး ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် လာအို နိုင်ငံခြားရေးဝန်ကြီးများ နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့ကြသည်။
ဓာတ်ပုံ-MOI