လှိုင်သာယာတွင် ချစ်သူမိန်းကလေးကို သတ်ဖြတ်ခဲ့သော တရုတ်နွယ်ဖွား မြန်မာအမျိုးသားက ဆီဒိုနားဟိုတယ် ၂၉ လွှာမှ ခုန်ချသေဆုံး၊ သတ်ဖြတ်ခဲ့သော ချစ်သူမိန်းကလေးအလောင်းကိုလည်း လှိုင်သာယာ၊ န၀ဒေးအိမ်ရာရှိ နေအိမ်တွင် တွေ့ရှိရ
ရန်ကုန်၊ ဇွန် ၁၁


ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ချစ်သူမိန်းကလေးကို သတ်ဖြတ်ခဲ့သော တရုတ်နွယ်ဖွား မြန်မာအမျိုးသားက ရန်ကင်းမြို့နယ်ရှိ ဆီဒိုနားဟိုတယ်သို့ သွားရောက်တည်းခိုပြီး မိမိကိုယ်ကို အဆုံးစီရင်သည့်အနေဖြင့် ခုန်ချသေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရန်ကင်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ မောယဝတီလမ်းတွင် ဆီဒိုးနား ဟိုတယ်ပေါ်မှ တရုတ်နွယ်ဖွား အမျိုးသား ၁ ဦး ခုန်ချ၍ မိမိကိုယ်ကိုကို အဆုံးစီရင် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ၏ ရုပ်အလောင်းကို ရဲဆေးစာဖြင့် စံပြဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။
ထို တရုတ်နိုင်ငံသား သေဆုံးမှု အကြောင်းအရင်းသည် ရည်းစားဖြစ်သူနှင့် စကားများ ရန်ဖြစ်၍ ဆီဒိုးနား ဟိုတယ်ပေါ်မှ ခုန်ချခြင်းဖြစ်သည်ဟု စာရေးသားခဲ့ကြောင်း၊ ယင်း တရုတ်နိုင်ငံသားသည် ရှမ်းပြည် နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲအထူးဒေသမှ ဖြစ်ပြီး လှိုင်သာယာ နဝဒေးအိမ်ရာတွင် ချစ်သူကောင်မလေးက လမ်းခွဲမည်ပြောဆိုခြင်းကြောင့် စကားများ ရန်ဖြစ်ကာ သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် မိမိကိုကို သတ်သေရန် သေတမ်းစာရေးသားခဲ့ကာ ဆီဒိုးနား ဟိုတယ်ကို ရောက်ရှိလာပြီး ၂၉ လွှာမှ ခုန်ချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တရုတ်အမျိုးသား ခုန်ချသေဆုံးခဲ့သည့် ဆီဒိုနားဟိုတယ်၂၉ လွှာအရေးပေါ်ထွက်ပေါက်ကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ တံခါးဘောင်ပေါ်တွင်လက်ကိုင်ဖုန်း ၂ လုံး၊ ကားမောင်းလိုင်စင်တစ်ခု နှင့်အတူ သေတမ်းစာတစ်စောင်ကိုလည်း တွေ့ရှိခဲ့ရသည်။
တရုတ်နွယ်ဖွား မြန်မာအမျိုးသား၏ သေတမ်းစာထဲတွင် “လေးစားရပါသောရဲအရာရှိများခင်ဗျား၊ ကျွန်တော်ကိုတင်စိုးသည် ချစ်သူ မရှုလင်ကိုသတ်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ဆုံးဖြတ်တာပါ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၆ ရပ်ကွက်၊ ပုဂံလမ်း၊ နဝဒေးအိမ်ယာ၊ Block ၂၀၊ ခြံနံပါတ် ၃ အိမ်မှာချစ်သူရဲ့အလောင်းရှိပါတယ်၊ သွားဆယ်ပေးပါ၊ သူနဲ့ချစ်တာ ၇ လကျော်ပါပြီ၊ ကမ္ဘာသိပတ်ဝန်းကျင် သိပြီးမှ သူကလမ်းခွဲဖို့ပြောလို့စိတ်မထိန်းနိုင်ပဲသတ်မိတာပါ၊ သူမနဲ့အတူ သေဖို့အပေါ်ထပ်အိမ်သာထဲမှာ ကြိုးဆွဲချသတ်သေဖို့ကြိုး စားတာမအောင်မြင်ခဲ့ပါဘူး။ အရာရာအားလုံးကိုတောင်းပန်ပါတယ်၊ နောင်တများစွာနဲ့” ဟုရေးသားထားသည်။
ရဲတပ်ဖွဲ့က လိပ်စာအတိုင်းသွားရောက်ရှာဖွေရာ အဆိုပါနေအိမ်၏မြေညီထပ်တွင် အမျိုးသမီးတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲလဲကျသေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူမှာ မရှုလင် (စီမံကိန်းမန်နေဂျာ၊ မိန်ကျယ်အထည်ချုပ်စက်ရုံ) ဖြစ်ကြောင်း သိရှိရသည်။