ရန်ကုန်မြို့တွင် အမေရိကန်သံတမန်တစ်ဦး သေဆုံးလျက်တွေ့ရှိ၊ လူသတ်မှုဟု သံသယရှိကာ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ
AAMIJ/ ဇွန် ၁၀
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်အစိုးရဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန (U.S. State Department) က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ မြန်မာရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် ယူဆကာ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သံတမန်အသိုင်းအဝိုင်းမှ သိရပါတယ်။
သံတမန်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ် သုံးဦးရဲ့ ပြောကြားချက်များအရ၊ အဆိုပါ အမေရိကန်အမျိုးသားကို လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ရန်ကုန်မြို့၊ အမေရိကန်သံရုံးနဲ့ ၁.၅ ကီလိုမီတာခန့်သာ ကွာဝေးတဲ့ Sakura Residence & Hotel မှာ သေဆုံးလျက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဟိုတယ်ဟာ နိုင်ငံခြားသံတမန်များ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနဲ့ ဧည့်သည်များ အဓိကတည်းခိုလေ့ရှိတဲ့ လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်မှတစ်ဆင့် သေဆုံးမှုကို အတည်ပြုခဲ့ပေမဲ့လည်း၊ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူများရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားတဲ့အနေနဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။
အမှုဖြစ်ပွားရာ နယ်မြေခံရဲစခန်းမှ တာဝန်ကျအရာရှိနဲ့ Sakura Residence ရဲ့ စီမံခန့်ခွဲရေးတာဝန်ရှိသူများကတော့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာများရဲ့ ဆက်သွယ်မေးမြန်းမှုကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။
လက်ရှိအချိန်မှာ မြန်မာအာဏာပိုင်များဘက်က ဒီဖြစ်စဉ်ကို လူသတ်မှုဖြစ်နိုင်ခြေရှိတဲ့ အမှုအဖြစ် သတ်မှတ်စုံစမ်းနေပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ထိန်းသိမ်းထားပေမဲ့လည်း တရားဝင် သတင်းထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။
ထို့အတူ ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးအတွက် ကောင်စစ်ဝန်ဆိုင်ရာ အကူအညီပေးရေးနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ ထိုင်းသံရုံးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ဘက်မှလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း တွေ့ရပါတယ်။
(ကိုးကား- AP News)