ဝါဇီစက်ရုံတွင် ကျပ်ငွေအသစ်များကို ရက်နားမရှိ ရိုက်နှိပ်နေ
ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၆
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ ဘတ်ဂျက်လိုငွေပြမှုများ ဆိုးရွားစွာ ကြုံတွေ့နေရချိန်တွင် စစ်တပ်၏ စစ်စရိတ်နှင့် အစိုးရအသုံးစရိတ်များကို ဖြည့်ဆည်းရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဝါဇီစက်ရုံ၌ မြန်မာကျပ်ငွေစက္ကူအသစ်များကို ရက်နားမရှိ ရိုက်နှိပ်ခိုင်းနေကြောင်း စက်ရုံတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်း (လနစ) လက်အောက်ရှိ အဆိုပါ ဝါဇီစက်ရုံသည် ငွေစက္ကူများအပြင် အောင်ဘာလေထီလက်မှတ်၊ စာချုပ်တံဆိပ်ခေါင်းများနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းများကို အဓိက ရိုက်နှိပ်ထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက မကြာမီက ဖွဲ့စည်းထားသည့် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဝါဇီစက်ရုံရှိ ငွေစက္ကူထုတ်လုပ်ရေးဌာန ၂ ခုတွင် ဝန်ထမ်းများကို အပတ်စဉ် ပိတ်ရက်မရှိ၊ နားရက်မရှိစေဘဲ ငွေစက္ကူများကို အဆက်မပြတ် ရိုက်နှိပ်ခိုင်းနေကြောင်း စက်ရုံဝန်ထမ်းတဦးက ဆိုသည်။
“အခုနောက်ပိုင်း ဝါဇီက ငွေစက္ကူထုတ်တဲ့ ဌာနနှစ်ခုလုံးမှာ နားရက်မရှိ ငွေစက္ကူတွေ ဆက်တိုက် ရိုက်ခိုင်းနေတာ။ ဝန်ထမ်းတွေ ပိတ်ရက်မရှိ အလုပ်ဆင်းခိုင်းနေတော့ အလုပ်သမားတွေလည်း တအားကို ပင်ပန်းနေကြပြီ” ဟု ၎င်းဝန်ထမ်းက ဆိုသည်။
ထို့ပြင် စက်ရုံမှူးဖြစ်သူ ဗိုလ်မှူးကြီး ဝင်းမျိုးညွန့်နှင့် ဒုတိယစက်ရုံမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးကျော်ကျော် တို့သည် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ပင်ပန်းနွမ်းနယ်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ၊ အထက်လူကြီးများ၏ အမိန့်ပေးခိုင်းစေချက်အတိုင်းသာ ဖိအားပေးလုပ်ဆောင်နေကြောင်း စက်ရုံတွင်းအသိုင်းအဝိုင်းကလည်း ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံတဝန်းလုံး၌ အခွန်အခ ကောက်ခံရရှိမှု ဆိုးရွားစွာ ကျဆင်းနေပြီး ဘတ်ဂျက်လိုငွေပြမှု (Budget Deficit) ကြီးမားစွာ ကြုံတွေ့နေရကြောင်းနှင့် ထိုလိုငွေပြမှုကို ဖြည့်တင်းရန် ငွေစက္ကူများ ပုံနှိပ်သုံးစွဲနေရကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။
“စစ်ကောင်စီက မြန်မာ့စီးပွားရေးကို အဆိုးရွားကြီး စီမံခန့်ခွဲမှု လွဲခဲ့တာကြောင့် သူတို့စစ်ပွဲတွေအတွက် စစ်စရိတ်ရှာရမှာ ဗဟိုဘဏ်တခုတည်းအပေါ်ပဲ လုံးလုံးလျားလျား အမှီပြုနေရတာပါ။ အခွန်ငွေတွေလည်း လုံးဝပြိုလဲပျက်စီးသွားပြီး စစ်စရိတ်တွေကလည်း တက်လာတော့… လိုငွေပြလာတဲ့ ဘတ်ဂျက်ကို ဗဟိုဘဏ်ဆီကနေ ပိုက်ဆံချေးပြီးတော့ပဲ ဖြေရှင်းနေရတယ်။ လက်ရှိ မြန်မာပြည်ရဲ့ ဘတ်ဂျက်လိုငွေ ၇၀ ရာခိုင်နှုန်းကျော်ကိုလည်း ဒီလိုနည်းလမ်းနဲ့ပဲ ငွေဖြည့်နေရတာ ဖြစ်ပါတယ်” ဟု ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က ၎င်း၏ How Myanmar’s Central Bank Facilitates the Junta’s Oppression ဆောင်းပါးတွင် ရေးခဲ့သည်။
ယင်းသို့ ဈေးကွက်အတွင်း ကုန်ထုတ်လုပ်မှုနှင့် ကုန်ပစ္စည်းပမာဏ တိုးတက်လာခြင်းမရှိဘဲ ငွေစက္ကူများသာ ဗြုန်းခနဲ အလွန်အကျွံများပြားလာခြင်းကြောင့် မြန်မာကျပ်ငွေ၏ တန်ဖိုးမှာ နေ့စဉ်နှင့်အမျှ ကျဆင်းနေပြီး ငွေဖောင်းပွမှုဒဏ်ကို ပိုမိုဆိုးရွားစေလျက်ရှိသည်။
ကမ္ဘာ့ဘဏ် နှင့် စီးပွားရေးလေ့လာစောင့်ကြည့်သူများ၏ ခန့်မှန်းတွက်ချက်မှုများအရ လက်ရှိ မြန်မာနိုင်ငံ၏ နှစ်အလိုက် ပျမ်းမျှငွေဖောင်းပွမှုနှုန်း ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိနေပြီး၊ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော အခြေခံစားသောက်ကုန်များနှင့် ပြည်ပသွင်းကုန်ကဏ္ဍများတွင်မူ ၅၀ ရာခိုင်နှုန်းအထက်အထိ မြင့်တက်နေကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲကြောင့် ရေနံတင်ပို့မှုများ ပြတ်တောက်သွားခဲ့ကာ မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ ၉၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပြီး အခြေခံစားသောက်ကုန် စရိတ်များမှာလည်း ၂၂ ရာခိုင်နှုန်းကျော်အထိ ခုန်တက်သွားသည်။
ယိုင်နဲ့နေပြီးသားဖြစ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးထဲ ထပ်မံရိုက်နှိပ်နေသော ငွေစက္ကူသစ်များ ဝင်ရောက်လာသောအခါ အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး တနိုင်ငံလုံး၏ အထွေထွေငွေဖောင်းပွမှုနှုန်းကို ပိုမိုမြင့်တက်လာစေမည်ဖြစ်သည်။
ဗဟိုဘဏ်သည် ငွေစက္ကူများကို အထက်မြန်မာပြည်၊ ချောက်မြို့နယ်အတွင်းရှိ ဝါဇီဒေသ၌ တည်ရှိပြီး ၁၉၇၂ ခုနှစ်ဝန်းကျင် စတင်တည်ထောင်ခဲ့သည့် ဝါဇီစက်ရုံတွင် ပုံနှိပ်သည်။ ယင်းစက်ရုံသည် တန်ဖိုးကြီးငွေစက္ကူများဖြစ်ကြသည့် ကျပ် ၅,၀၀၀ တန်၊ ကျပ် ၁၀,၀၀၀ တန်နှင့် အသစ်ထုတ်ဝေလိုက်သည့် ကျပ် ၂၀,၀၀၀ တန် အပါအဝင် တရားဝင် မြန်မာကျပ်ငွေစက္ကူအားလုံးကို ပုံနှိပ်သည်။