နိုင်ငံတစ်ဝန်းဇွန်လလယ်အထိ မိုးကြီးနိုင်

နိုင်ငံတစ်ဝန်းဇွန်လလယ်အထိ မိုးကြီးနိုင်
တယ်လို့ NUG သတိ​ပေး
ဇွန်-၈၊၂၀၂၆။‌စိုင်းနော်/People’s Spring
ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးသတိပြုကြဖို့ အမျိုး
သားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးပါတယ်။
အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းနေတာနဲ့ကပ္ပလီပင်လယ်ပြင်အနီးမှာလေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေတာကြောင့်ဇွန်လ၈ရက်ကနေဇွန်လ၁၄ရက်အတွင်းမှာ မိုးဆက်များနိုင်တယ်လို့ ရှင်းပြထားပါတယ်။
နေရာကွက်ပြီးမိုးကြီးမယ့်ဒေသတွေအဖြစ်ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုသတိပေးထားပြီးစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာနေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။
အဲဒီဒေသတွေမှာလေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေလွှမ်းမိုးခြင်း၊မိုးကြိုးပစ်ခြင်း၊မြေပြိုခြင်း၊တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေလည်း ဖြစ်ပေါ်နိုင်၍ အထူးသတိပြု နေထိုင်သင့်တယ်လို့ သတိပေးထားပါတယ်။
လက်ရှိမှာရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာရေကြီး
နစ်မြုပ်မှုရင်ဆိုင်နေရပြီးသီးနှံစိုက်ခင်းပျက်စီးတာတွေရှိနေပါတယ်။
“ပင်လောင်းဘက်လည်းစိုက်ခင်းပျက်တာတွေတော်တော်များတယ်။ မိုးက ရေအရမ်းပါတော့တောင်ပေါ်ကရေတွေက တလဟောဆင်းလာတာ။တောင်ယာစိုက်ခင်းတွေနဲ့ဝင်တော့ဘယ်လိုမှမခံနိုင်တော့ဘူး”လို့ ပင်
လောင်းမြို့ခံတစ်ဦးကပြောပါတယ်။ဇွန်လ ၆ရက်ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာပြီးခဲ့တဲ့မေလကလည်းမိုးကြီးပြီး လူနဲ့ အိမ်‌မွေးတိရိစ္ဆာန်တွေထိခိုက်သေဆုံးစေတဲ့အထိမြေပြိုမှုနဲ့မိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
လက်ရှိဇွန်လဆန်းပိုင်းအတွင်းနေရာကွက်မိုးကြီးမှုကြောင့် ရန်ကုန်မြို့မှာလည်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သလို မကွေးနဲ့ မန္တလေး
တိုင်းထဲကမြို့နယ်အချို့မှာလည်း တောင်ကျရေကြောင့်ရေဘေးကြုံတွေ့ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာလည်းမိုးကြီးနေလို့ဒေသတွင်းလမ်းပိုင်းပျက်စီးတာတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။
(ကချင်ပြည်နယ်၊KIO/KIAထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်နဲ့ လိုင်ဇာမြို့ကို ဆက်သွယ်ထားတဲ့လမ်း တောင်ကျရေကြောင့် ပျက်စီးနေတာကို ဇွန်လ ပထမလပတ်အတွင်း တွေ့ရစဉ်။ဓါတ်ပုံ-​ဒေသခံ )