ကျောက်ဖြူ ရေတပ်စခန်းအနီး ကာကင်းအားလုံးနီးပါး AA သိမ်း

ကျောက်ဖြူ ရေတပ်စခန်းအနီး ကာကင်းအားလုံးနီးပါး AA သိမ်း
ဧရာ၀တီ၊ ဇွန် ၇၊ ၂၀၂၆
ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ရှိ ကာကင်းစခန်းအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းတို့ သိမ်းဆည်းရမိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများ၊ ဓည၀တီရေတပ်ဌာနချုပ်တို့မှ ထုတ်နုတ်အင်အားများနှင့် အင်အားငါးရာဝန်းကျင်ဖြည့်တင်းထားသည့် တောင်မော်ဦးရေတပ်စခန်း ပတ်လည်ကို မေလကတည်းက AA က ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး တပတ်ကျော်အတွင်း ကာကင်း ၆ ခုဝန်းကျင်အနက် ၅ ခုသိမ်းပိုက်လိုက်နိုင်ခြင်း ဖြစ်သည်။
AA နှင့် နီးစပ်သည့် ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တဦးက “ကာကင်းတွေ မရှိတော့ဘူး။ တက်လာတဲ့စစ်ကြောင်းတွေ တခုပြီးတခု သိမ်းပိုက်နေတာ။ မနေ့ကလည်း စစ်ကြောင်းတခုကို သိမ်းလိုက်တယ်။ အလောင်း တဆယ်ကျော်လောက် ရတယ်။ အခု အ၀တောင်စခန်းတခုပဲ ကျန်တော့တာ။ အဲဒါရရင် ဒီကောင်တွေ ကမ်းတက်လို့ မရတော့ဘူး” ဟု ပြောသည်။
ထိုတိုက်ပွဲများအတွင်း စစ်သားအလောင်း ၇၀ ဝန်းကျင်နှင့် လက်နက်များ သိမ်းဆည်းရမိပြီး အရာရှိအလောင်းများလည်း ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်နောက်တဦးက ပြောသည်။
“အခုအတိုင်းဆိုရင် မကြာခင်မှာပဲ တပ်တော်က တောင်မော်ဦးစခန်းထဲထိ ထိုးစစ်ဆင်နိုင်မယ် ထင်တယ်။ စစ်တပ်က လေကြောင်းတခုပဲ သုံးနိုင်တဲ့ အနေအထား တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ တိုက်ပွဲ ပြင်းထန်အထိနာလာသည့်အတွက် တောင်မော်ဦးရေတပ်စခန်းရှိ တပ်အရာရှိပိုင်းနှင့် မိသားစုဝင်တချို့ကို ဓည၀တီရေတပ်ဌာနချုပ်၊ ကျောက်ဖြူမြို့ပေါ် တပ်ရင်းများဆီ စက်လှေများနှင့်ပြောင်းရွှေ့နေသည်ဟုလည်း ကျောက်ဖြူဒေသခံများက ပြောသည်။
ယင်းသို့ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်သည် ဒရုန်း၊ ဂျိုင်ရိုကော်ပတာများနှင့် တောင်မော်ဦးရေတပ်စခန်း အနီးဝန်းကျင် အရပ်သားကျေးရွာများအား တိုက်ခိုက်နေသဖြင့် ဒေသခံများတိမ်းရှောင်နေရကာ တချို့မှာ ပိတ်မိနေကြောင်း ကူညီရေးအဖွဲ့များထံက သိရသည်။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်တခုလုံးနှင့် ကျောက်ဖြူ မြို့နယ်အတွင်းက နေရာအများစုအား လက်လွှတ်ထားရသည့် စစ်တပ်သည် မဒေးကျွန်းအနီးရှိ တောင်မော်ဦးရေတပ်စခန်းမှ အနီးပတ်လည်ကျေးရွာများကိုစစ်ကြောင်းထိုးကာ ကျောက်ဖြူ- ရမ်းဗြဲလမ်းဆုံ စနဲမြို့နှင့် ရမ်းဗြဲမြို့နယ်ဘက်ဆီဦးတည် ထိုးစစ်ဆင်ရန် ကြိုးစားလာခြင်းဖြစ်သော်လည်း လက်တွေ့တွင် AA တန်ပြန်ထိုးစစ်ကြောင့် ရေတပ်စခန်းသို့ ပြန်ဆုတ်ခွာခဲ့ရသည်။
ရခိုင်ပြည်နယ်ရှိ လက်ကျန်သုံးမြို့ဖြစ်သော ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့ကို ယခု ၂၀၂၆၊ ၂၀၂၇ ခုနှစ်အတွင်း အပြီးသတ် သိမ်းပိုက်သွားမည်ဟု ပြောဆိုထားသည့် AA သည် ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် ထိုးစစ်ဆင်မှုများ တပြိုင်နက်တည်း လုပ်နေခြင်းဖြစ်သည်။
သတင်း- လင်းသစ်
#WhatsHappeningInMyanmar
#RejectMilitaryCoup