ရန်ကုန်တွင် ကျားဖြန့်စစ်ဆင်ရေးဟုဆိုကာ မြန်မာပြည်ဖွား တရုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်၊ ကွန်ဒိုများကို စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ထွေ/အုပ်တို့က လိုက်လံစီးနင်းဖမ်းဆီး စစ်ဆေး ငွေညှစ်နေ

ရန်ကုန်တွင် ကျားဖြန့်စစ်ဆင်ရေးဟုဆိုကာ မြန်မာပြည်ဖွား တရုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်၊ ကွန်ဒိုများကို စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ထွေ/အုပ်တို့က လိုက်လံစီးနင်းဖမ်းဆီး စစ်ဆေး ငွေညှစ်နေ
ရန်ကုန်၊ ဇွန် ၇
ရန်ကုန်မြို့နေရာအနှံ့အပြားရှိ ကွန်ဒိုမီနီယမ်များနှင့် အိမ်ရာဝင်းများတွင် တရုတ်အွန်လိုင်းငွေလိမ် လည်မှု (ကျားဖြန့်) လုပ်ငန်းများ ဖြန့်ကျက်လုပ်ကိုင်နေသော သတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြပြီးနောက် စစ်တပ်၊ရဲ၊ ပျူစောထီးနှင့်ထွေ/အုပ်တို့က မြန်မာပြည်နွယ်ဖွား တရုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ၊ နေအိမ်များကို လိုက်လံစီးနင်းဖမ်းဆီး၍ ငွေညှစ်ခြင်းများ စတင်လုပ်ဆောင်နေကြောင်း ငွေညှစ်ခံနေရသည့် စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က အမှန်တကယ် ကျားဖြန့် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသော တရုတ်များ၏ ကျားဖြန့် လုပ်ငန်းများကို ဝင်ရောက်ရှာဖွေ စီးနင်းခြင်းမပြုဘဲ မြန်မာပြည်နွယ်ဖွား မြန်မာ နိုင်ငံသား တရုတ်များ၏ တရားဝင် စီးပွားရေးလုပ်ငန်းအချို့ကိုလည်း ကျားဖြန့်ခေါင်းစဉ်တပ်ကာ ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ လူငယ်ဝန်ထမ်းရာပေါင်းများစွာကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လာခြင်းနှင့် ငွေညှစ်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇွန်လ ၅ ရက်နေ့ ည ၇ နာရီနှင့် ၈ နာရီဝန်းကျင်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ စီမံကိန်းမှတ်တိုင်အနီးမှ အထပ်မြင့်တိုက်တစ်လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ဦးစီးကာ ကျားဖြန့်ခေါင်းစဉ်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း၊ သို့သော် အဆိုပါလုပ်ငန်းမှာ အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း မဟုတ်ဘဲ တရုတ်ပြည်ဘက်မှ ပစ္စည်းများကို မြန်မာနိုင်ငံတွင် အော်ဒါ ကောက်ယူကာ မှာယူ ဝယ်ပေးသည့် Online Shopping လုပ်ငန်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းတွင် မြန်မာလူငယ်ရာချီကို အလုပ်ခန့်ထားခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် လုပ်ငန်းမှာ တရားဝင် လိုင်စင်မရှိကြောင်း သိရှိရသည်။
ယင်းလုပ်ငန်းတွင် မြန်မာလူငယ်ရာချီမှာ နေ့ဆိုင်း၊ ညဆိုင်းခွဲကာ Online Shopping လုပ်ကိုင်နေကြခြင်းဖြစ်ပြီး လူငယ်အများစုမှာ ကျောင်းသားကျောင်းသူများနှင့် အသက် ၂၀ နှစ်အောက် လူငယ်များဖြစ်ကြောင်း သိရှိရသည်။
“အဓိက ပြောချင်တာက အဲ့ဒီလုပ်ငန်းမှာ လုပ်တဲ့ ကလေးတွေကို ကျားဖြန့် လုပ်တယ်ဆိုပြီး ပေါ်တာဆွဲသွားမှာ စိုးရိမ်နေရတယ်။ အဲဒီတိုက်ကို စစ်တပ်က ဝင်စီးပြီးတော့ လူငယ် ရာချီကို ထောင်ကား ၃ စီးနဲ့ စစ်ကြောရေးကို တစ်ခါတည်းပို့လိုက်တာ။ မိဘတွေ ပြောချိန် ရှင်းပြချိန် မရလိုက်ကြဘူး။” ဟု ဖမ်းဆီးခံလိုက်ရသော လူငယ်တစ်ဦး၏ မိဘဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်
လက်ရှိတွင် ဖမ်းဆီးခံလိုက်ရသည့် လူငယ်များ၏ မိဘများက ၎င်းတို့၏ သားသမီးများမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေခြင်း မဟုတ်ကြောင်း ရှင်းပြခွင့်ပင်မရဘဲ စစ်ကြောရေးသို့ ချက်ချင်းအပို့ခံလိုက်ရသဖြင့် အထူးစိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်မြို့ရှိ အိမ်ရာဝင်းများနှင့် ကွန်ဒိုများအတွင်း ကျားဖြန့်လုပ်ငန်းများ ရှာဖွေရေး စစ်ဆေးမှုများကို ဇွန်လ ၅ ရက်နေ့မှ စတင်ကာ စီမံချက်ဖြင့် လုပ်ဆောင်နေပြီး ကျားဖြန့် စစ်ဆင်ရေးအတွက် နယ်မြေခံစစ်တပ်နှင့် မြို့နယ်ရဲ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ပျူစောထီးများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကျားဖြန့်များ ရှာဖွေဖမ်းဆီးရေး အထူးညွှန်ကြားချက် အမိန့်ထုတ်ပြန်ထားကြောင်း သိရှိရသည်။
သို့ရာတွင် လက်တွေ့တွင် အမှန်တကယ် ကျားဖြန့် ငွေလိမ် လုပ်ငန်းများကို ရှာဖွေ ဖမ်းဆီးခြင်းမပြုဘဲ မြေပြင်တွင် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက ကျားဖြန့်လုပ်ငန်းများ၊ တရုတ် KTV များနှင့် ကလပ်များကို လိုက် လံစုံစမ်းကာ ဆက်ကြေးကောက်ယူနေကြကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင် အခြေစိုက်သည့် တရုတ်ကျားဖြန့်လုပ်ငန်းများက မြန်မာနိုင်ငံတွင်းသာမက ပြည်ပအထိပါ ငွေ ကြေးလိမ်လည်နေကြပြီး ဘဏ်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များရယူကာ ငွေညှစ်ခြင်း၊ ငွေသွင်းကစားရသည့် စလော့ဂိမ်းများ ဖြန့်ချိခြင်း၊ မြန်မာဆယ်ကျော်သက်မိန်းကလေးများကို အလုပ်ခန့်၍ အင်တာနက်ပေါ်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှု ဝန်ဆောင်မှုပေးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် အွန်လိုင်းငွေလိမ်လည်နေကြခြင်းဖြစ်သည်။
ကျားဖြန့် လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာလူငယ်တစ်ဦး၏ ပြောပြချက်အရ ကျားဖြန့်မှရရှိသော ငွေမည်းများကို တရုတ်ပိုင်စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ ကားအရောင်းပြခန်း (Showroom) များ၊ ဟိုတယ်များ၊ တရုတ်နှင့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာများမှတစ်ဆင့် မြန်မာဘဏ်များသို့ လွှဲပြောင်းကာ တရုတ်ဘဏ်စာရင်းများအတွင်းသို့ ငွေဖြူအဖြစ် ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ ငွေရှာတဲ့နေရာ၊ လုပ်ငန်းနေရာပေါ့ အဲဒါက သက်သက်၊ ငွေဖြူဖွတ်တဲ့ နေရာက သက်သက်။ ဥပမာ တရုတ်ကျားဖြန့် တစ်ခုကို မိတယ်ထား၊ မပြီးဘူး။ သူတို့ငွေတွေကို ဖွတ်ပေးနေတာက သူတို့ဟန်ပြဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ ကားရှိုးရွန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေ၊ ကိုရီးယားနဲ့ တရုတ်စာ သင်တန်းကျောင်းတွေ၊ ကျန်းမာရေး စောင့်ရှောက်ရေး စင်တာတွေ။ အကုန်တရုတ်တွေပိုင်တာပဲ။ အဲဒီလုပ်ငန်းတွေက ကျားဖြန့်ကရတဲ့ ရတဲ့ငွေတွေကို လွှဲယူတယ်။ အဲဒီကနေ မြန်မာဘဏ်တွေဆီ ရောက်တယ်။ အဲဒီကနေ တရုတ်ဘဏ်စာရင်းတွေကို ငွေဖြူပြန်သွားတယ်။ စစ်ရင် အဲလုပ်ငန်းတွေပါ အကုန်စစ်ရမှာ အမြတ်ဘယ် လောက်ရနေလဲ၊ အခွန်တွေ ဘယ်လိုဆောင်ထားလဲ၊ စာရင်းစစ်ဝင်လိုက်ရင် အကုန်ပေါ်တယ်။ စီးပွားရေးမကောင်း တဲ့ နေရာမှာ ဒီလူတွေ ဘာလာလုပ်လဲ၊ ဒီကျားဖြန့်တွေပဲရှိတယ်။”ဟု အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိတွင် လှိုင်သာယာ၊ တာမွေ၊ လမ်းမတော်၊ ရန်ကင်းနှင့် မင်္ဂလာဒုံမြို့နယ်များရှိ အိမ်ရာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး၊ မြို့နယ်အုပ်ချုပ်ရေးဌာနများကို စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း တရုတ်ပိုင်ဟိုတယ်များကိုမူ ဝင်ရောက်စစ်ဆေးခြင်း မရှိသေးကြောင်း သိရှိရသည်။
“အခုက ရန်ကုန်မှာ ကျားဖြန့်တွေကို ဖမ်းဖို့ စီမံချက်က တကယ်ကျားဖြန့် လုပ်နေတာကို ဖမ်းတာမဟုတ်ဘူး။ မြန်မာနိုင်ငံသား တရုတ်လုပ်ငန်းတွေကို ကျားဖြန့် သံသယဆိုပြီး လိုက်ပြီး ငွေညှစ်နေတာ အဲဒါက အဆိုးဆုံးပဲ။ တကယ်တမ်း ကျားဖြန့်တွေက ဟိုတယ်ကြီးတွေ ဟီးနေအောင် ဖွင့်ပြီး နယ်မြေခံ စစ်တပ်၊ ရဲနဲ့ ထွေ/အုပ်ကို လိုင်းကြေး လစဉ် သိန်းထောင်ချီ ပေးထားတာ။ အခု ခံနေရတာက တရုတ်တွေပိုင်တဲ့ တရားဝင်လုပ်ငန်းတွေခံနေရတာ” ဟု ငွေညှစ်ခံရသည့် တရုတ်စီးပွားရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ကျားဖြန့် ဂိုဏ်းများကို စစ်တပ်က နှိမ်နင်းပြီးနောက် ကျားဖြန့်လုပ်ကိုင်သော တရုတ်များမှာ ရန်ကုန်မြို့ပေါ်သို့ ရောက်ရှိလာကြကြောင်း၊ အထူးသဖြင့် လှိုင်သာယာမြို့နယ်တွင် မြ၀တီဘက်မှ တက်လာသော တရုတ်နိုင်ငံသားများစွာ ပြန်လည် အခြေစိုက်လာကြောင်း၊ ကျားဖြန့် တရုတ်များက ရန်ကုန်မြို့အတွင်း နေရာများ ဖြန့်ခွဲကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တရားဝင်လုပ်ငန်းများ ဗန်းပြ ခြေရာဖျောက် လုပ်ကိုင်လာကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ညပိုင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)