မြန်မာနိုင်ငံကို အထီးကျန်မဖြစ်စေလိုဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆိုပြီး နိုင်ငံတကာသံတမန်များနှင့်တွေ့ဆုံ၍ မြန်မာ့အရေး ရှင်းလင်းပြောဆို
ရန်ကုန်၊ ဇွန် ၇



မြန်မာနိုင်ငံကို အထီးကျန်မဖြစ်စေလိုဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ထုတ်ဖော်ပြောဆိုပြီး နိုင်ငံတကာသံတမန်များနှင့်တွေ့ဆုံ၍ မြန်မာ့အရေး ရှင်းလင်းပြောဆိုမှုများ လုပ် ဆောင်လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်နှင့် CNA သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တွင် ချဉ်းကပ်ဆောင်ရွက်မည့် မူဝါဒလမ်းစဉ်များအပေါ် ပြန်လည်သုံးသပ်ရန် ဆန္ဒရှိမှုများ တိုးမြင့်လာနေကြောင်း မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူး (Cebu) မြို့တွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်များ၏ ဆွေးနွေးချက်များအရ သိရသည်ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ သီဟာဆက် ဖူအန်ကက်ကီအို (Sihasak Phuangketkeow) က ပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်က ဇွန်လ ၅ ရက် သောကြာနေ့တွင် စီအန်အန် (CNA) သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူး၌ “အခြေအနေတွေက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာနေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို အထီးကျန်ဖြစ်မသွားစေချင်ဘူးလို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးဆီ ဦးတည်သွားမယ့် လမ်းစဟာ တဖြည်းဖြည်းချင်း သွားရမှာဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ထိတွေ့ဆက်ဆံမှုတွေ လိုအပ်ပြီး၊ အဖွဲ့ဝင်နိုင်ငံအချို့ကလည်း သူတို့ရဲ့ ချဉ်းကပ်ပုံတွေကို ပြန်လည်သုံးသပ်နေကြတယ်လို့ ထင်မြင်မိပါတယ်” ဟု ပြောကြားသည်။
ယင်းအပြင် ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ပင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖူအန်ကက်ကီအိုက ထိုင်းနိုင်ငံအခြေစိုက် သံတမန်အဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးနှင့် မြန်မာ့အရေး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲသို့ နိုင်ငံပေါင်း ၆၇ နိုင်ငံ၊ ဥရောပသမဂ္ဂ (EU) နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း နှစ်ခုတို့မှ သံတမန်များနှင့် ကိုယ်စားလှယ် စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြသည်။
ယင်တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်က မြန်မာ့အရေးနှင့် ပတ်သက်၍ အထူးသဖြင့် အာဆီယံက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံနေမှု နောက်ဆုံးအခြေအနေများကို အကျဉ်းချုပ် ရှင်းလင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေးနှင့် မြန်မာ နိုင်ငံအား အာဆီယံအဖွဲ့အတွင်းသို့ တရားဝင် ပြန်လည်ခေါ်ယူရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းမှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာ၀ပြောရေးသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဗဟိုချက်ကျမှုအပေါ်တွင် တည်မှီနေသောကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
အာဆီယံအဖွဲ့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပွားခဲ့သော နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် “ဘုံသဘောတူညီချက် ၅ ရပ်” (Five-Point Consensus) ကို ချမှတ်ခဲ့သော်လည်း၊ မြန်မာ့လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသတွင်း စည်းလုံးညီညွတ်မှုအပေါ် ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်သည်။
၂၀၂၂ ခုနှစ်ကတည်းက မြန်မာစစ်ဘက်ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့်ကို ပိတ်ပင်ခြင်း ခံထားရသည်။
ထိုင်းနိုင်ငံအနေဖြင့် မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများအပြီးတွင် မြန်မာခေါင်းဆောင်ပိုင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဆက်လက်ထိန်းသိမ်းထားသော်လည်း၊ ဘန်ကောက်အစိုးရ၏ အဆိုပါ ထိတွေ့ဆက်ဆံမှုမူဝါဒသည် ကန့်သတ်ချက်မဲ့ မဟုတ်ကြောင်း ဝန်ကြီး သီဟာဆက်က အလေးအနက် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလအတွင်းကလည်း ဘန်ကောက်အစိုးရအနေဖြင့် အာဆီယံနှင့် မြန်မာနိုင်ငံအကြား “တံတား” တစ်စင်းအဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ဖူးသည်။
“မြန်မာအစိုးရအနေနဲ့လည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အောက်မှာ ရှိနေတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ အဲဒါတွေကတော့ အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ ယုံကြည်စိတ်ချရတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်များကို ဖော်ဆောင်ပေးနိုင်ခြင်းကသာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပြန်လည်ပါဝင်နိုင်ရေးအတွက် အခြေခံအကြောင်းရင်း ဖြစ်လာမည်ဟု ဆိုသည်။ ထို
င်းနိုင်ငံ၏ ရည်မှန်းချက်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်ရန် မဟုတ်ဘဲ လက်တွေ့ကျသော နည်းလမ်းဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ဝန်ကြီး သီဟာဆက်က ဖြည့်စွက်ပြောကြားခဲ့သည်။