SCEF ကို တရားဝင် အသိအမှတ်ပြုပြီး ထိန်းသိမ်းထားသည့် ဒေါ်လာ ၁ ဘီလီယံ လွှဲပြောင်းပေးရန် BRI အဖွဲ့ တောင်းဆို

SCEF ကို တရားဝင် အသိအမှတ်ပြုပြီး ထိန်းသိမ်းထားသည့် ဒေါ်လာ ၁ ဘီလီယံ လွှဲပြောင်းပေးရန် BRI အဖွဲ့ တောင်းဆို
ဇွန် ၅၊ ၂၀၂၆
အမေရိကန်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ကို အသိအမှတ်ပြု ပူးပေါင်းဖို့နဲ့ နယူးယောက်ဘဏ်မှာ ထိန်းသိမ်းထားတဲ့ မြန်မာပြည်သူတွေရဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအပေါ် ပိတ်ဆို့မှုတွေဖယ်ရှားပြီး အတိုးနှုန်းတွေနဲ့တကွ SCEF ဆီကို လွှဲပြောင်းဖို့ BRI အဖွဲ့ က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ် အယ်လစ်ကော့တ်စီးတီးမှာ ပြုလုပ်ခဲ့တဲ့ ဆီးနိတ်အမတ်တွေရဲ့ အသုံးစရိတ်ခွဲဝေမှုဆိုင်ရာ ကြားနာပွဲတစ်ခုမှာ ဆီးနိတ်အမတ် မစ်ချ်မက်ကောနယ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကို မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖိအားပေးမေးမြန်းခဲ့ပါတယ်။
အဲဒီ ကြားနာပွဲမှာ ဗမာပြည်အက်ဥပဒေ (Burma Act) အရ ပေးရမဲ့ရန်ပုံငွေတွေ ကြန့်ကြာနေတာ အပါအဝင် အမေရိကန်ရဲ့ မူဝါဒက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ကူညီနေရာကနေ လမ်းကြောင်းပြောင်းသွားမှာကို စိုးရိမ်တယ်ဆိုပြီး ထောက်ပြခဲ့တာပါ။
ဒီအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်အုပ်ချုပ်ရေးထက် ဒီမိုကရေစီနည်းကျ အရပ်သားအုပ်ချုပ်ရေးကိုပဲ အမေရိကန်အစိုးရက ထောက်ခံပြီး မြန်မာ့အနာဂတ်အတွက် ကူညီပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ဒီမိုကရေစီမိတ်ဖက်တွေကို ရှာဖွေနေတယ်လို့ ပြန်လည် ပြောဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး Burma Research Institute (BRI) ရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်သူ ဇိုတွမ်မှုန်းက ဝန်ကြီး ရူဘီယိုရဲ့ ပြောကြားချက်ကို ကြိုဆိုပေမဲ့ မြန်မာစစ်တပ်က ပြည်သူ့အာဏာကို လုယူထားတာ ဖြစ်လို့ အမေရိကန်အစိုးရအနေနဲ့ ဒီမိုကရေစီလိုလားတယ်ဆိုတဲ့ စကားကို အခုအချိန်မှာ လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ ပြတ်ပြတ်သားသား သက်သေပြဖို့ လိုနေပြီလို့ တိုက်တွန်းလိုက်ပါတယ်။
ဒါကြောင့်လည်း BRI အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ကို အသိအမှတ်ပြု ပူးပေါင်းဖို့၊ နယူးယောက်ဘဏ်မှာ ထိန်းသိမ်းထားတဲ့ မြန်မာပြည်သူတွေရဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအပေါ် ပိတ်ဆို့မှုတွေဖယ်ရှားပြီး အတိုးနှုန်းတွေနဲ့တကွ SCEF ဆီ လွှဲပေးဖို့နဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကူညီထောက်ပံ့မှု ဒေါ်လာ ၁၂၁ သန်းကိုလည်း ဒီကောင်စီကတစ်ဆင့် အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ အချက်တွေကို တောင်းဆိုလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ မြန်မာစစ်တပ်က တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအဖြစ် တရားဝင် သတ်မှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်အစိုးရကို အလေးအနက် တိုက်တွန်းထားပါတယ်။