■ ကျောက်ဖြူ တောင်မော်ဦးရေတပ်အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
Western News| ဇွန် ၅
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်စခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
AA ဘက်မှ တောင်မော်ဦးရေတပ်အနီးရှိ စစ်ကောင်စီ၏ ကာကင်းစခန်းအချို့ကို ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲများမှာလည်း ယခင်ကထက် ပိုမိုပြင်းထန်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စနဲမြို့ ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ကျနော်တို့နေတဲ့ နေရာက နည်းနည်းလှမ်းပေမယ့် အသံတွေတော့ အကုန်ကြားရတယ်။ လက်နက်ကြီးပစ်သံတွေဆိုရင် မိုးကြိုးပစ်နေသလား အောက်မေ့ရတယ်။ နေ့ရောညပါ ပစ်နေကြတာ” ဟု ပြောဆိုသည်။
လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် တောင်မော်ဦးရေတပ်စခန်းသည် ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် တည်ရှိသည်။
စစ်ကောင်စီဘက်မှ ပြီးခဲ့သည့် မေလကုန်ပိုင်းကစတင်ကာ စနဲမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကြောင်းထိုးလာခဲ့သော်လည်း AA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “တိုက်ပွဲဖြစ်နေတာတော့ ရှိတယ်။ ကိုယ့်ဘက်ကတော့ အခြေအနေကောင်းပါတယ်။ အသေးစိတ်ကိုတော့ ပြောပြလို့မရသေးဘူး” ဟု ဆိုသည်။
စစ်ကောင်စီသည် တိုက်ပွဲအတွင်း အကျအဆုံးများနေသဖြင့် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်အတွင်းရှိ လူနေကျေးရွာများအား လေကြောင်းမှတစ်ဆင့် ဂျက်လေယာဉ်များ၊ အသေခံဒရုန်းများဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
ယမန့်နေ့ ဇွန် ၄ ရက် ညနေပိုင်းကလည်း ရမ်းဗြဲမြို့နယ်၊ လေတောင်းမြို့ပေါ်ရှိ အမှတ် (၄) ရပ်ကွက်ကို စစ်ကောင်စီက အသေခံဒရုန်းနှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲခဲ့သဖြင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ကျွဲ၊ နွား တိရစ္ဆာန်အချို့ သေဆုံးခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်အတွင်းရှိ ကြောင်ချတွင်းကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးဒုက္ခသည် ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီသည် ကျောက်ဖြူ စနဲမြို့ထဲကို ဒရုန်းများဖြင့် ဗုံးအများအပြား ကြဲချခဲ့၍ စနဲမြို့ဈေးတန်းနှင့် လူနေအိမ် ၇ ဆောင်ထက်မနည်း မီးလောင်ပြာကျဆုံးရှုံးခဲ့ရသည့်အပြင် အသက် ၇၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသား ၁ ဦးလည်း သေဆုံးခဲ့ရသည်။
မေလ ၁၉ ရက် နေ့လယ်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ် စနဲမြို့ ရွှေဟင်္သာရပ်ကွက်ကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် ၇၀ မှ ၁၀၀ ကြား မီးလောင်ပြာကျ ဆုံးရှုံးသွားခဲ့ရသည်။
ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ နှစ်လအတွင်း ရခိုင်ပြည်၌ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းအပါအဝင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈ ဦး စုစုပေါင်း ၅၇ ဦးမှာ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း Arakan Responders for Emergency – ARE မှ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။