စစ်တွေ ဒကစ ဌာနချုပ်နှင့် စစ်သင်္ဘောများကို AA က ညှပ်ပိတ်တိုက်ခိုက်
ဧရာဝတီတိုင်းမ်
ဇွန် ၃ရက်

စစ်တွေ ဒကစ ဌာနချုပ်နှင့် စစ်သင်္ဘောများကို AA က ညှပ်ပိတ်တိုက်ခိုက်၊ ရွှေမင်းဂံဆိပ်ကမ်း အဝိုင်း ခံရသဖြင့် စစ်အုပ်စုက လေကြောင်းပစ်ကူသုံး၍ ရမ်းသန်းပစ်ခတ်နေ
ဧရာဝတီတိုင်းမ်
ဇွန် ၂ရက်
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ်ရှိ ရွေးတုအစိုးရစစ်တပ်၏ နောက်ဆုံးခံတပ်ဖြစ်သော ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် စစ်သင်္ဘောများကို အာရက္ခတပ်တော် (AA) က ပြင်းပြင်းထန်ထန် ဝိုင်းရံပစ်ခတ်တိုက်ခိုက်နေသဖြင့် မြို့အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်လာကြောင်း ဒေသခံသတင်း ရင်းမြစ်များထံမှ သိရသည်။
အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းပိုက်ခံရပြီးနောက် စစ်အုပ်စုက ရုံးပြောင်း စိုက်ထားသည့် စစ်တွေ ဒကစ ဌာနချုပ်အတွင်းကိုပါ AA က လက်နက်ကြီး၊ ဒရုန်းများဖြင့် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထို့ပြင် စစ်တွေမြို့တောင်ဘက် ဘင်္ဂလားပင်လယ်ဝနှင့် မြို့အရှေ့ဘက် ကုလားတန်းမြစ်ဝအတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘောများကိုပါ AA က ပစ်ခတ် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ် လာကြောင်း သိရသည်။
“ပြီးခဲ့တဲ့ တစ်ပတ်ကတင် ရွှေမင်းဂံနားက စစ်သင်္ဘောကို AA က ပစ်ခတ်တိုက်ခိုက်တာမှာ တော်တော် လေးပျက်စီးသွားတယ်။ အခုရက်ပိုင်း လက်နက်ကြီး ဆက်တိုက်ပစ်ခတ်သံတွေ ကြားနေရပြီး တိုက်ပွဲ ဖြစ်တဲ့ နေရာတွေက မြို့နဲ့ပိုနီးလာသလို ပိုပြီးတော့လည်း ကျယ်ပြန့်လာတယ်” ဟု စစ်တွေ ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့မှ ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းအထိ စစ်တွေမြို့ပတ်ပတ်လည်တွင် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရပြီး စစ်တပ်က မြို့အဝင်အထွက် လမ်းကြောင်းအားလုံးကို အင်အားတိုးမြှင့်ကာ ပိတ်ဆို့ထားကြောင်း သိရသည်။
စစ်တွေမြို့ရှိ စစ်တပ်အတွက် ရိက္ခာနှင့် စစ်ကူပို့ဆောင်ရေးတွင် အဓိက လမ်းကြောင်းဖြစ်သည့် ရွှေမင်းဂံဆိပ်ကမ်းနှင့် ရေတပ်စခန်းကို AA ဘက်က ဒရုန်းများ၊ လက်နက်ကြီးများဖြင့် စီးနင်း တိုက်ခိုက်နေသဖြင့် စစ်တပ်၏ ရေတပ်ဘက်ကလည်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းအတွင်းမှနေ၍ မြို့ပတ်ပတ်လည်ရှိ ကျေးရွာများနှင့် နယ်မြေများကို ဦးတည်ရာမဲ့ ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။
လက်ရှိတွင် စစ်တွေမြို့အဝင်အထွက်နှင့် ရှေ့တန်းကာကင်းစခန်းများ ရှိရာ ကျားမသောက်နှင့် ကံ့ကော်ကျွန်း အနီးတို့၌ အပြန်အလှန် ပစ်ခတ်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားနေသည်။
မြို့အနီးသို့ AA တပ်ဖွဲ့ဝင်များ တိုးကပ်မလာနိုင်အောင် စစ်တပ်က အဆိုပါ ဗျူဟာမြောက် ကာကင်း စခန်းများမှနေ၍ လှမ်းမျှော်ပစ်ခတ်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများဖြင့် စစ်ရေးပြင်ဆင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
စစ်တပ်ဘက်က မြို့တော်စစ်တွေအား လက်မလွှတ်ရရေးအတွက် ၎င်းတို့၏ ခံစစ်စခန်းများမှ လက်နက်ကြီး အလွန်အကျွံ အသုံးပြု ပစ်ခတ်နေသည့်အပြင် ဂျက်ဖိုက်တာ စသည့် လေကြောင်း ပစ်ကူများကိုပါ အပြင်း အထန် အသုံးပြုနေရသဖြင့် စစ်တွေမြို့အနီးတဝိုက်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ စစ်ရှိန်မြင့်တက်နေကြောင်း စစ်ရေးမြေပြင်သတင်းများအရ သိရသည်။