ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ရေး ဖိအားပေးရန်၊ SCEF အပါအဝင် တော်လှန်ရေးအင်အားစုများကို အကူအညီပေးရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အရေးပေါ်ဆုံးဖြတ်တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ရေး ဖိအားပေးရန်၊ SCEF အပါအဝင် တော်လှန်ရေးအင်အားစုများကို အကူအညီပေးရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အရေးပေါ်ဆုံးဖြတ်တိုက်တွန်း
ရန်ကုန်၊ ဇွန် ၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသူအား လုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်လာရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန် ဖိအားပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများကို ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတကာအစိုးရများနှင့် ဒီမိုကရေစီအင်အားစုအားလုံးသို့ အရေးပေါ် ဆုံးဖြတ် တိုက်တွန်းလိုက်သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေး၌ လွှတ် တော်၏ သဘောတူညီချက်ဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို အတည်ပြုထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ထုတ်ပြန်ချက်တွင် မိမိတို့သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည့် တရားဝင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလအတွင်း ကျင်းပခဲ့သည့် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာ ခံကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာပြည်သူများကို တရားဝင်ကိုယ် စားပြုခွင့်ရှိသည့် လွှတ်တော်အဖွဲ့အစည်းအဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့ကြောင်း ကြေညာထားသည်။
စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် တရားမဝင်သည့် လွှတ်တော်နှင့် အစိုးရများကို ဖန်တီးကာ အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် တရားဝင်မှုရရှိရန် ကြိုးပမ်းနေသော်လည်း၊ ၎င်းတို့၏ ဖိနှိပ်မှုများကြောင့် ပြည်သူများ နေရပ်စွန့်ခွာနေရခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခံရခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းတို့ကို တိုး၍ ခံနေရသဖြင့် စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်မှသာ ငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်ကြောင်း လွှတ်တော်က ထောက်ပြထားသည်။
သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတကာအသိုက်အဝန်းသို့ ကူညီလုပ်ဆောင်ပေးရန် အရေးပေါ် တိုက်တွန်းချက်များကို ထုတ်ပြန်ထားသည်။
အဆိုပါ အရေးပေါ် ဆုံးဖြတ်ချက်များတွင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မှန်ကန်စွာ ဖြေရှင်းနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ အရေးကြီးမှုကို အသိအမှတ်ပြုပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် စစ်အုပ်စုအပေါ် အစွမ်းကုန် ဖိအားပေးရန်၊ မြန်မာ့အရေးကို ကူညီဆောင်ရွက်ရာတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ SCEF နှင့် တော်လှန်ရေးအင်အားစုများကို ပိုမိုထိရောက်စွာ ကူညီပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုများနှင့် ပညာရေး၊ ကျန်းမာရေး အကူအညီများကို တိုးမြှင့်ပေးရန်နှင့် ထိုအကူအညီများ ပြည်သူများထံ တိုက်ရိုက်ရောက်ရှိနိုင်ရေးအတွက် ရွေးကောက်ခံကိုယ်စားလှယ်များ၊ SCEF တို့နှင့်သာ ပူးပေါင်းဆောင်ရွက်ရန် တို့ပါဝင်သည်။
ယင်းအပြင် စစ်အုပ်စုထံသို့ လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ ရောင်းချနေမှုများကို ရပ်တန့်ပေးရန်နှင့် ၎င်းတို့၏ ဝင်ငွေလမ်းကြောင်းများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများကို ထိရောက်စွာ ပိတ်ဆို့ပေးရန်၊
စစ်အုပ်စု ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဆက်လက်မှတ်တမ်းတင်ပြီး နိုင်ငံတကာက တညီတညွတ်တည်း အရေးယူပေးရန်၊ နိုင်ငံတော်အာဏာကို လုယူထားသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သဖြင့် ၎င်းတို့နှင့် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်း၍ တရားဝင်မှုကို ငြင်းပယ်ပေးရန် ပြည်ထောင်စုလွှတ်တော်က ဆက်လက်တိုက်တွန်းသည်။
ထို့ကြောင့် အာဆီယံ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးအဖွဲ့ (ILO) တို့က ချမှတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန်ကိုလည်း တောင်းဆိုထားသည်။
အကြမ်းဖက်စစ်အုပ်စုကို တရားမဝင် အာဏာဆက်လက်ထိန်းချုပ်နိုင်ရန် ပံ့ပိုးကူညီခြင်းသည် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကို ပျက်စီးစေမည်ဖြစ်ကြောင်း၊ ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်းကာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ကြေညာထားသည်