ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးပြီး အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းများ ပြန်ဆုတ်ခွာသွား

ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးပြီး အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းများ ပြန်ဆုတ်ခွာသွား
ရန်ကုန်၊ ဇွန် ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို သိမ်းပိုက်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးကာ အလောင်းများနှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း Arakan Princess Media က သတင်းဖော်ပြသည်။
မေလနှောင်းပိုင်း ကျောက်ဖြူမြို့နယ် စနဲမြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂၊ ခမရ ၂၁၃ နှင့် ခမရ ၂၁၉ တပ်ရင်းများမှ ထုတ်နှုတ်အင်အား စုစုပေါင်း ၄၀၀ ကျော် ပါဝင်ကြောင်း သိရသည်။
စစ်တပ်စစ်ကြောင်းများက နည်းဗျူဟာစစ်ကြောင်းတစ်ခုအဖြစ် ဖွဲ့စည်းကာ ကြည်း၊ ရေ၊ လေ ပစ်ကူအများအပြားကို အသုံးပြု၍ တောင်မော်ဦးရေတပ်စခန်းဘက်မှတစ်ဆင့် ထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း၊ မေလ ၂၈ ရက်နေ့ ၊ မေလ ၂၉ ရက်နေ့ နှင့် မေလ ၃၀ ရက်နေ့ များအတွင်း စစ်တပ်က ဒရုန်းများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် နေဗီစစ်ရေယာဉ်များမှ လက်နက်ကြီးပစ်ကူများကို အပြင်းအထန် အသုံးပြုခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးကာ အလောင်းများနှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ အာရက္ခတပ်တော် (AA) အနေဖြင့် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကို နည်းဗျူဟာမြောက်စွာဖြင့် အကောင်းဆုံး တိုက်ထုတ်ချေမှုန်းလျက်ရှိပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းများမှာ စစ်ဦးကျိုးကာ တပ်လန်ဆုတ်ခွာလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- APM ။