ရန်ကုန်မြို့လယ်ခေါင်၊ သိမ်ကြီးစျေးရှေ့၊ တောင်ကြီးမြို့နှင့် မုံရွာမြို့တို့တွင် စစ်တပ်နှင့် ပျူစောထီးများက လူငယ်အမြောက်အမြားကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ
ရန်ကုန်၊ ဇွန် ၁
မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များက လမ်းသွားလမ်းလာနှင့် အလုပ်သွားအလုပ်ပြန် ပြုလုပ်နေသည့် လူငယ်များကို နေ့စဉ်နှင့်အမျှ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း ဒေသခံပြည်သူများနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ လက်ခံရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က ရန်ကုန်မြို့လယ်ခေါင်ရှိ သိမ်ကြီးဈေး ဂကုန်းကျော်တံတားအောက်တွင် လူငယ်နှစ်ဦးကို အရပ်ဝတ် ပျူစောထီးလူတစ်စုက ကားနောက်ဖုံးထဲသို့ အတင်းအဓမ္မ ရိုက်နှက်သွတ်သွင်းကာ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
“မနေ့ည ၆ နာရီခွဲလောက်က ညီလေးက သိမ်ကြီးစျေးနားရောက်နေပြီဆိုပြီး ဖုန်းဆက်တယ်။ ည ၉ နာရီအထိ ပြန်မလာလို့ လိုက်တော့မှ အဲဒီအနားက ညဘက်ဖွင့်တဲ့ ထမင်းကြော်ဆိုင်က ညနေ ၆ ခွဲလောက်က ကောင်လေး ၂ ဦး ကုန်းကျော်တံတားအောက်မှာ ပေါ်တာဆွဲခံလိုက်ရတယ်ဆိုတာ ပြောပြတယ်။ အဲဒီတော့မှ ပေါ်တာဆွဲခံရမှန်းသိတာ” ဟု ဖမ်းဆီးခံလိုက်ရသော လူငယ်တစ်ဦး၏ အစ်ကိုဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်မြို့လယ်ခေါင်၊ သိမ်ကြီးစျေးရှေ့တွင် ယမန်နေ့ ညနေပိုင်းပေါ်တာဆွဲခံလိုက်ရသော လူငယ် ၂ ဦးလုံးမှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိပြီး ဒလမြို့နယ်မှ ရန်ကုန်မြို့တွင် ပန်းရံလာရောက် လုပ်ကိုင်နေသူများဖြစ်သည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက် (၂) ချယ်ရီလမ်းရှိ တစ်ထပ်တိုက်အိမ်တစ်လုံးအတွင်း၌ အနယ်နယ်အရပ်ရပ်မှ ပေါ်တာဆွဲ ဖမ်းဆီးလာသည့် အသက်မပြည့်သေးသူများမှစ၍ အသက် ၄၀ ကျော်အရွယ်အထိ ပါဝင်သော လူငယ် ၄၀ မှ ၅၀ ခန့်ကို စုဆောင်းချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါအိမ်သို့ အိမ်စီးကားများဖြင့် လူငယ်များကို မကြာခဏ လာရောက်ပို့ဆောင်ခြင်းနှင့် ခေါ်ထုတ်ခြင်းများ ပြုလုပ်နေသည်ကို လက်တွေ့မြင်တွေ့နေရကြောင်း သိရသည်။
“လူငယ်လေး၂ယောက် ထွက်ပြေးသွားလို့ အသည်းအသန်လိုက်ရှာနေတာ။ အဲဒီအိမ်ထဲမှာ လူငယ်အားလုံးကို ထည့်ထားတာ။ ပေါ်တာ ဖမ်းတာလာတာတွေ။ သူတို့ အစားအစာနဲ့ ပေးတယ်။ မူးယစ်ဆေးဝါး ကျွေးပြီး ချုပ်ထားတာ။ စစ်မှုထမ်း ပေါ်တာဆွဲခံရတဲ့လူငယ်တွေ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းသို့ ပေါ်တာဆွဲလူစုဆောင်းသည့် လုပ်ငန်းကို လုပ်ဆောင်နေသူမှာ ရွှေညောင်မြို့ မင်္ဂလာရွှေဗဟိုရပ်ကွက် မိန်းလမ်းမကြီးဘေးတွင် ‘ဇော်ပိုင်ကုန်စုံဆိုင်’ ဖွင့်လှစ်ထားသူ၊ နယ်ထိန်းရဲဟောင်း ဇော်ပိုင် (ခ) နိုင်ဝင်းဆွေ ဆိုသူ ဖြစ်ပြီး လူငယ်များကို ချုပ်နှောင်ထားသော နေအိမ်မှာလည်း နယ်မြေရဲစခန်းမှ ရဲများ၊ ပျူစောထီးများနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးအချို့နှင့် ပူးပေါင်း ဖွင့်လှစ်အသုံးပြုနေသော နေအိမ်ဖြစ်ကြောင်း သိရှိရသည်။ ရှမ်းပြည် နယ်တောင်ပိုင်းတွင် လူငယ်များ မကြာခဏ ပျောက်ဆုံးမှုမှာ ၎င်းတို့လက်ချက်ပင် ဖြစ်သည်ဟု သိရှိရသည်။
ရွှေညောင်မြို့ခံအများစုက ယင်းသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အသေးစိတ် သိရှိကြသော်လည်း ရဲစခန်းနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့နေကြသည်။
ထို့ပြင် ယင်းနေအိမ်ထဲတွင် ဖမ်းဆီးစုဆောင်းထားသည့် လူငယ်များကို စစ်မှုထမ်းရန် လူအင်အားလိုနေသည့် ရပ်ကွက်များသို့ တစ်ဦးလျှင် ငွေကြေးကျပ်သိန်း ၆၀ မှ သိန်း၁၀၀ အထိ လိုသလို ပြန်လည်လူစားထိုး ရောင်းစားနေကြောင်း ဒေသခံများက ဆိုသည်။
ရွှေညောင်မြို့တွင် ၎င်းတို့၏ လုပ်ရပ်များကြောင့် ရပ်ကွက်အတွင်း လူငယ်များ မကြာခဏ ပျောက် ဆုံးနေပြီး၊ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ ညပိုင်းကလည်း အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် ဇော်ပိုင်၏ အိမ်ရှေ့နားတွင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာ ယနေ့ထက်ထိ သတင်းမရရှိဘဲ မိသားစုများ စိတ်သောက ရောက်နေရသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် လမ်းဆုံလမ်းခွများ၊ မြို့တွင်းကားဂိတ်များတွင် အလုပ်သွားအလုပ်ပြန် ပြုလုပ်နေသည့် လူငယ်များကို အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၂၇ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးခဲ့ရာ လူငယ် ၆၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူများသည် အသက် ၂၀ နှစ်မှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ အမျိုးသားများ ဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့ကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အတွင်း၌ ဖမ်းဆီးချုပ်နှောင်ထားသည်။
“စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီးတာ တော်တော်များများတယ်။ မုံရွာမြို့ပေါ်ရှိ စက်မှုလမ်းနှင့် နန္ဒဝန်လမ်း၊ သလ္လာဝတီဆိပ်ကမ်းလမ်းတို့တွင် အလုပ်သွား အလုပ်ပြန်သော လူငယ်များကို အဓိက ထား ပေါ်တာဆွဲဖမ်းဆီးတယ်။ စစ်ခွေးဖမ်းဆီးတွေ ဖမ်းဆီးသွားတဲ့ လူငယ်တွေက အသက် ၂၀ နှစ်အရွယ်ကနေစပြီး အသက် ၃၅ နှစ်အရွယ်ဝန်းကျင်ရှိသော အမျိုးသားများဖြစ်တယ်လို့သိရတယ်။ စစ်ခွေးတွေက အလုပ်သမားတွေ အလုပ်ပိတ်တဲ့နေ့တွေဆိုရင် စနေ တနင်္ဂနွေ ကိုအားပြုဆွဲနေတာပါ။ဖမ်းဆီးထားတဲ့ လူငယ်တွေကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲတွင် ဖမ်းဆီးထားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
မုံရွာမြို့ပေါ်တွင် ယခုကဲ့သို့ အလုပ်ပြန်လာသည့် အမျိုးသားများကို အဓိကထား ဖမ်းဆီးခြင်းမှာ ယခုတစ်ကြိမ်တည်း မဟုတ်ဘဲ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း အလုပ်မှပြန်လာသည့် အမျိုးသား ၄၀ ကျော်ကို စစ်ကောင်စီတပ်က အိမ်စီးကားအများအပြားဖြင့် မြို့ပတ်လှည့်လည်ကာ ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ဖူးကြောင်း သိရှိရသည်။