စစ်တပ်ကို ဝင်ရောက်သူများသည် မိမိဆန္ဒအလျောက် ဝင်လာသူများဖြစ်ဟု ပေါ်တာဆွဲနေသည့် စစ်တပ် ဒုကာချုပ်ပြော
30 May 2026 By Mon Lay /MPA
စစ်တပ်သို့ ဝင်ရောက်လာသူများသည် မိမိဆန္ဒအလျောက် ဝင်ရောက်သူများဖြစ်ကြောင်း လူကြီး၊ လူငယ်မကျန် ပေါ်တာဆွဲနေသည့် စစ်တပ် ဒုကာချုပ် ကျော်စွာလင်းက ယနေ့ ဟိုပုံးတပ်နယ်မှ စစ်သားများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် တပ်မတော်က ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကျင့်သုံး၍ မိမိကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်ရန်၊ ဘဝကို ထိခိုက်ပျက်စီးစေနိုင်သည့် မူးယစ်သောက်စားမှုများနှင့် အပျော်အပါးလောင်းကစားမှုများကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်အတွက် လိုအပ်နေသော နည်းပညာရှင်ကောင်းများ၊ နိုင်ငံသားကောင်းများဖြစ်ရန်နှင့် သစ္စာရှိရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၌ တာဝန်ထမ်းဆောင်ချိန်တွင်လည်း မိမိ၏ကျောင်းဂုဏ်သိက္ခာနှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို စောင့်ထိန်းကာ ဥပဒေမဲ့လုပ်ရပ်များ မလုပ်မိစေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း စစ်ကော်မရှင်အကြီးအကဲ၏ ပြောကြားချက်များသည် မြေပြင်အခြေအနေနှင့် လုံးဝတန်ပြန်ဆန့်ကျင်နေပြီး၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အဓမ္မပြဌာန်းခဲ့ပြီးကတည်းက မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေသည့် ဖြစ်ရပ်မှန်များကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူနှင့် ပြည်သူများက မှတ်ချက်ပြုသည်။
မြေပြင်တွင် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် စစ်သားများ ပူးပေါင်းကာ လူငယ်များကို လမ်းပေါ်တွင်လည်းကောင်း၊ နေအိမ်များအထိလည်းကောင်း လိုက်လံဖမ်းဆီး၍ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။
ပြည်သူတစ်ဦးက “မြေပြင်မှာတော့ အိမ်တွေထဲအထိ ဝင်ဖမ်းတယ်၊ လမ်းပေါ်ကနေ ပေါ်တာဆွဲပြီး စစ်ထဲအတင်းထည့်နေတာ။ စစ်မှုမထမ်းချင်ရင် သိန်းချီပြီး ပေးရမယ်ဆိုပြီး အုပ်ကြီးတွေက ငွေညှစ်နေကြတာ။ အခုတော့ သူတို့ကိုယ်တိုင် ဆန္ဒအလျောက် ဝင်တာပါဆိုပြီး ဗြောင်လိမ်နေတာကတော့ တကယ့်ကို ရွံစရာကောင်းပါတယ်” ဟု ပြောသည်။
၎င်းအပြင် စစ်မှုမထမ်းလိုသဖြင့် တိမ်းရှောင်ရန် ကြိုးပမ်းသည့် လူငယ်များနှင့် မိသားစုဝင်များထံမှ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ငွေကြေးအမြောက်အမြား အဓမ္မတောင်းခံကာ ငွေညှစ်မှုများ အကြီးအကျယ် ပြုလုပ်နေကြကြောင်း သိရသည်။
စစ်မှုထမ်း တိမ်းရှောင်နေသည့် လူငယ်တစ်ဦးက “ကျွန်တော်တို့သူငယ်ချင်းတွေဆို စစ်ထဲမဝင်ချင်လို့ အလုပ်တွေပစ်၊ မိသားစုတွေခွဲပြီး ပြေးနေရတာ။ စစ်တပ်ထဲမှာ ဘယ်သူမှ မိမိဆန္ဒအလျောက် မဝင်ချင်ကြပါဘူး။ အတင်းအဓမ္မ သေနတ်ပြပြီး ဖမ်းခေါ်သွားတာပဲ ရှိတာပါ” ဟု မြေပြင်အခြေအနေကို ဖွင့်ဟသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကမူ စစ်ကော်မရှင်သည် မြေပြင်စစ်မျက်နှာများတွင် အင်အားပြုန်းတီးမှု အကြီးအကျယ် ကြုံတွေ့နေရသဖြင့် စစ်မှုထမ်းဥပဒေကို အသုံးချကာ ပြည်သူများကို မြေစာကျွေးရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ ခေါင်းဆောင်ပိုင်း၏ မိန့်ခွန်းများသည် စစ်တပ်တွင်း စိတ်ဓာတ်ပျက်ပြားမှုကို ထိန်းသိမ်းရန် ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း သုံးသပ်သည်။
၎င်းက “စစ်ကော်မရှင်က ဥပဒေမဲ့ လုပ်ရပ်တွေကို ကိုယ်တိုင်ကျူးလွန်နေပြီးတော့မှ အောက်ခြေက လူငယ်တွေကို ဥပဒေမဲ့ မလုပ်ဖို့နဲ့ ဆန္ဒအလျောက် ဝင်လာတာပါလို့ ပြောနေတာက ယုတ္တိမတန်ပါဘူး။ ဒါဟာ နိုင်ငံတကာနဲ့ လူထုအမြင်မှာ စစ်သားစုဆောင်းမှုစနစ်ကို တရားဝင်သယောင် ဟန်ပြချင်လို့ လုပ်တဲ့ ပြဇာတ်တစ်ခုပဲ ဖြစ်ပါတယ်” ဟု ထောက်ပြသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-တယ်လီဂရမ်
#MPA #စစ်ရေး #Myanmar